သတင်းသမားများအား ပြင်းထန်သည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းအား ပြန်လည် သုံးသပ်ပေးရန် တိုင်း ရင်းသားအရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ သတင်းထောက်များ ကွန်ရက် (EPRN) က တောင်းဆိုလိုက်သည်။
ရက္ခိုင်စစ်တပ် (AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာပြီးနောက် သတင်းမီဒီယာသမားတချို့အား ဆက်တိုက် ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းအပေါ် EPRN အနေဖြင့် များစွာစိုးရိမ်ပူပန် ပြီး ၎င်းတို့၏ မိသားစုဝင်များအား စာနာကြောင်း အပါအဝင် အချက် ၆ ချက်ပါသည့် ထုတ်ပြန်ချက် တစောင်ကို ယနေ့ (ဧပြီ ၁ ရက်)၌ ထုတ်ပြန်ခြင်း ဖြစ်သည်။
EPRN ၏ ပြောရေးဆိုခွင့်ရှိသူ မငြိမ်းငြိမ်း က “မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ သတင်းမီဒီယာသမားတွေက ပဋိပက္ခ ဖြစ်တဲ့ အကြောင်းအရာတွေကို ရေးသားကြတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုလည်း ရေးသားကြတယ်။ ကျမတို့ ဒီငြိမ်း ချမ်းရေးနဲ့ ပဋိပက္ခ သတင်းတွေကိုရေးနေတဲ့ သတင်းထောက်တွေ စုဖွဲ့ထားတဲ့ ကွန်ရက်အနေနဲ့လည်း သတင်း မီဒီယာ သမားတွေ ခြိမ်းခြောက်ခံနေရပြီလားဆိုတာ စိုးရိမ်တယ်။ ကျမတို့က အမြဲတမ်း ဒီသတင်းတွေ အမြဲရေးနေရလို့ သတင်း တွေ ဘက်မညီမျှမှု ဖြစ်မှာ၊ မပြည့်မစုံ ဖြစ်မှာ အရမ်းကို စိုးရိမ်ကြတယ်။ ဒါ ဘယ်လိုမှ မဖြစ်သင့်တဲ့ ဖမ်းဆီး အရေးယူမှု တွေပါ” ဟု ပြောသည်။
အစိုးရက AA ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်းနှင့် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၅ အရလည်း မတရား အသင်းအဖြစ် သတ်မှတ်ကြောင်း မတ်လ ၂၃ ရက်က ကြေညာထားသည်။
ထိုသို့ အစိုးရမှ ကြေညာပြီးနောက် AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခနှင့် အင်တာဗျူး လုပ်ခဲ့သည့် မန္တလေးမြို့ အခြေစိုက် သတင်းဌာနတခုဖြစ်သည့် Voice Of Myanmar (VOM) သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းအား အမှတ် ၃ မှုခင်း တပ်ဖွဲ့ခွဲ(CID) က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။
အလားတူ ကိုနေမျိုးလင်းကို ဖမ်းဆီးပြီးနောက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာန၏ အယ်ဒီတာ ချုပ် ဦးခိုင်မြတ်ကျော်နှင့် ရန်ကုန်မြို့အခြေစိုက် ခေတ်သစ် သတင်းဌာန အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက်တို့ကို လည်း အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့ဖြင့် ရဲသတင်းတပ်ဖွဲ့က ထပ်မံ အမှုဖွင့်လိုက်သည်ဟု သိရသည်။
အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင် ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သလို ပုဒ်မ ပုဒ်မ ၅၂(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သတင်းမီဒီယာ ကျင့်ဝတ်အရ သတင်းအချက်အလက် မှန်ကန်စေရေး၊ မျှတစေရေး၊ မျှတသည့်သတင်း ဖြစ်စေရေးတို့ အတွက် သတင်းသမားများသည် သတင်းကျင့်ဝတ်အရ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများထံသို့ ဆက်သွယ်ဆောင် ရွက်ရန် လိုအပ်ပြီး ထိုသို့ ဆက်သွယ်ခြင်းသည် ထိုအဖွဲ့များအား ထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်သည်ကို နိုင်ငံတော် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများက သတိပြုသင့်သည် ဟု EPRN က ထောက်ပြထားသည်။
သတင်းသမားများကို အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်နေသည်များနှင့် ပတ်သက်၍ သတင်းစာပညာ သင်တန်း ဆရာ ဦးသီဟ က “ကျနော်တို့ မြင်တာကတော့ အစိုးရက ဖမ်းတယ်ပဲပေါ့။ အစိုးရအတွင်းထဲမှာတော့ တပ်က ဖမ်းတာ ပြည် ထဲရေးက ဖမ်းတာပေါ့။ ဒါပေမယ့် အစိုးရအဖွဲ့တွေ ဖြစ်တဲ့အတွက်ကြောင့် အတူတူလို့ပဲ သတ်မှတ်ပြီး ပြောရင်တော့ အစိုးရ လက်ထက်မှာ သတင်းစာ လွတ်လပ်ခွင့်ကတော့ ထင်ထားတာထက်ကို အများကြီး နည်းပါတယ်” ဟု ပြောသည်။
သတင်း ရေးသားဖော်ပြမှုအပေါ် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ၊ မတရားအသင်းများ အက်ဥပဒေများဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းက သတင်းလွတ်လပ်ခွင့်ကို ဟန့်တားခြင်း၊ ပြည်သူလူထု၏ မျှတသည့် သတင်း သိပိုင်ခွင့်ကို လျစ်လျူရှု ခြင်း၊ ဒီမိုကရေစီ အခြေခံ စံနှုန်းများကို မျက်ကွယ်ပြုခြင်း သဘော သက်ရောက်ပါသည်ဟုလည်း EPRN က ဆိုထားသည်။
EPRN ၏ ပြောရေးဆိုခွင့် ရှိသူ ကိုချစ်မင်းထွန်းကလည်း “အခုဆိုရင် လက်နက်ကိုင် တိုက်တဲ့သူတွေက ငြိမ်းချမ်းရေး စားပွဲ ဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးနေတယ်။ ကျနော်တို့ အပ်တိုတချောင်းတောင် မကိုင်တဲ့သူတွေက ဖမ်းဆီးခံရတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ အရာပါ” ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေဖြင့် မဏ္ဍိုင် ၄ ရပ်တွေ့ဆုံပွဲများ၊ အလုပ်ရုံ ဆွေးနွေးးပွဲများတွင် သတင်း ရေးသားဖော်ပြမှုအပေါ် ကျေနပ်မှု မရှိပါက သတင်းမီဒီယာ ဥပဒေအရ သတင်းမီဒီယာ ကောင်စီသို့ ဦးစွာတိုင်ကြားရန် တိုက်တွန်းထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက လက်ခံကျင့်သုံးမှု အားနည်းနေသေးသည်ဟု ၎င်းက ထောက်ပြပြောဆိုသည်။
သတင်း မီဒီယာသမား တချို့အား တရားစွဲဆိုမှုသည် နိုင်ငံတော်အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များ၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ပြည်သူလူထု သတင်း အချက်အလက် ရရှိရေး အတွက် ရေးသားဖော်ပြနေသည့် သတင်းထောက်များ အပေါ် တိုက်ရိုက်ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေကြောင်း EPRN ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
မငြိမ်းငြိမ်းက “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တဲ့ AA ကို ဆက်သွယ်လို့ဆိုပြီး အကြမ်းဖက်မှုနဲ့ စွဲတာက ဒီသတင်းသမားတွေနဲ့ အကြမ်းဖက်မှု ဥပဒေနဲ့က လားလားမှ မသက်ဆိုင်ဘူး။ ကျမတို့ သတင်းသမားတွေဆိုတာ အကြမ်း ဖက်မှု လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး” ဟု ပြောဆိုသည်။
ထို့ကြောင့် သတင်း ရေးသားဖော်ပြမှု အပေါ် မူတည်ပြီး သတင်းသမားများအား ပြင်းထန်သည့် ဥပဒေများဖြင့် အမှုဖွင့် တရားစွဲဆိုထားခြင်းအား ပြန်လည် သုံးသပ်ပေးပါရန်နှင့် သတင်း ရေးသားဖော်ပြမှုကို ကန့်ကွက်လိုပါက သတင်းမီဒီယာ ဥပဒေ အရ ဦးစွာ ညှိနှိုင်းဆောင်ရွက်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ EPRN က တိုက်တွန်း တောင်းဆိုလိုက်သည်။
တိုင်းရင်းသား အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းထောက်များ ကွန်ရက် (EPRN) သည် တိုင်းရင်းသားဒေသ များတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ သတင်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းများအား တစိုက်မတ်မတ်ရေးသား နေသော ပြည်တွင်း၊ ပြည်ပ မြန်မာ သတင်းမီဒီယာ သမားများက ၂၀၁၈ ခုနစ်တွင် စုစည်းဖွဲ့စည်းခဲ့သည့် ကွန်ရက်တခုဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
AA သတင်းရေးသည့် သတင်းအယ်ဒီတာချုပ်နှင့်သတင်းထောက်များကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်
တရားဝင် သတင်းစာမျက်နှာအချို့ အစိုးရ ညွန်ကြားချက်ဖြင့် အပိတ်ခံရ
VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်