သတင်း

COVID-19 ကန့်သတ်စောင့်ကြည့်ခံရသူများနှင့် စောင့်ကြည့်ဝန်ထမ်းများ ခွဲခြားဆက်ဆံခံရ

ပြည်ပမှ ပြန်ရောက်လာပြီးနောက် COVID -19 ရောဂါ ကန့်သတ်စောင့်ကြည့်ခံနေရသူများနှင့် ယင်းနေရာတွင် တာဝန် ထမ်းဆောင်နေရသည့် ဝန်ထမ်းများမှာ ခွဲခြား ဆက်ဆံခံနေရကြောင်း နေပြည်တော် COVID -19 စေတနာ့ဝန်ထမ်းအဖွဲ့ နာယကလည်းဖြစ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦးမောင် မောင်ဆွေက ပြောသည်။

၎င်းက “တကယ်ဖြစ်နေတာက ပြင်ပရပ်ရွာ ပြည်သူလူထုရဲ့ သဘောထားက ပြောင်းပြန်ကြီး ဖြစ်နေတာ။ ပြည်သူလူထုက ဒီလို ကန့်သတ်စောင့်ကြည့်နေရာမှာ ရှိတယ်ဆိုရင်ပဲ နားလည်မှု လွဲနေတယ်။ ရပ်ရွာက ပြည်သူလူထုက ကျန်းမာရေး အသိ ပညာနည်းတယ်။ ဒီလူတွေသည် လူနာ မဟုတ်ဘူး၊ သံယလူနာ အဆင့်တောင် မဟုတ်ဘူး။ အဲဒါကို သိဖို့လိုတယ်” ဟု ဆိုသည်။

ထိုသို့ ကန့်သတ်စောင့်ကြည့်သည့် နေရာမှ ပြန်လာသည့် ဝန်ထမ်းများကို ရုံးအတွင်းရှိ ဝန်ထမ်းများက ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခံရသည့် နိုင်ငံ့ဝန်ထမ်း တချို့ ရှိနေကြောင်း စေတနာ့ဝန်ထမ်း အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းတဦးဖြစ်သူ ဦးဝင်းမင်းထွန်း က “ကြောက်တာပေါ့ဗျ။ အဲဒီလိုတွေ သွားပြီး ပြန်လာတော့ စိုး ရိမ်စိတ်တော့ ရှိတာပေါ့” ဟု ပြောသည်။

COVID -19 ပြည်ပမှ ပြန်လာသူများကို စောင့်ကြည့်ရာတွင် ပါဝင်သည့် ဝန်ထမ်းများမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဝန်ထမ်းများနှင့် နေပြည်တော်မှ ပရဟိတ စေတနာ့ ဝန်ထမ်းများ ဖြစ်ကြ သည်။

နေပြည်တော် COVID-19 စေတနာ့ ဝန်ထမ်းအဖွဲ့ဝင် ဦးဘုန်းမိုရ် က “ကျနော်တို့ကိုဆို ရောဂါ သယ်ဆောင်တဲ့သူတွေလို့ မြင်တာတွေ ရှိတယ်။ ကျနော်တို့ကိုယ်တိုင် Save မဖြစ်ဘဲ လုပ်လို့ မရပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်ကလည်း ကျနော်တို့ကို ကိုယ်ပူ တိုင်းတာ အစရှိတဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

COVID -19 ကို စောင့်ကြည့်နေသည့် ပြည်တော်ပြန်များမှာ ရောဂါ ကူးစက်ခံရသူများ မဟုတ်ကြောင်းကို ဝန်ထမ်းများ ကိုယ်တိုင် သိရှိထားသော်လည်း ကျန်းမာရေးအရ အသက်အန္တရာယ် ပတ်သက်လာသည့်အခါတွင် တဦးပေါ်တဦး ယုံ ကြည်မှု ကင်းမဲ့လာခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ရှင်းပြသည်။

၎င်းက “အဲဒါက အင်မတန်ကို မှားယွင်းတဲ့ လူမှုအသိုက်အဝန်းမှာ အဲဒီလို စိတ်မျိုး မရှိရဘူး။ အဒီနေရာမှာ လုပ်နေတဲ့ လူမှုအဖွဲ့ တွေဆို ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။

ပြည်ပမှ ပြန်လာ၍ ကန့်သတ်စောင့်ကြည့် ခံရသူများသည် လူနာများ မဟုတ်၍ ခွဲခြားဆက်ဆံခြင်း မပြုရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် ညွှန်ကြားထားကြောင်း ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက ပြောသည်။

၎င်းက “အခု စောင့်ကြည့်ခံရသူ အားလုံးက ရောဂါသည် မဟုတ်ဘူး။ အဲဒီအပေါ်မှာ သာမန်သူတွေလိုပဲ၊ ခွဲခြား မဆက်တာ တွေ မလုပ်ဖို့၊ သူတို့ကို အနားသွား မကပ်ချင်တာတို့၊ စကားမပြောချင်တာ အဲဒါမျိုးတွေ မရှိဖို့ ညွှန်ကြားထားပြီးသားပါ” ဟု ပြောသည်။

နေပြည်တော်တွင် ပြည်ပမှ ပြန်လာ၍ ကန့်သတ်စောင့်ကြည့်ခံရသူများမှာ ဇေယျာသီရိ ဆေးရုံတွင် ၉၁ ဦး၊ ဗုပ္ဗသီရိဆေးရုံ တွင် ၅၅ ဦး၊ ဥတ္တရသီရိကလေး ဆေးရုံတွင် ၄ ဦး၊ ဒက္ခိဏ ဆေးရုံတွင် ၂၉ ဦး၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ၄၉၁ ဦး စုစုပါင်း ၇၀၀ နီးပါး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၅ ဦးနှင့် သေဆုံး ၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

Covid-19 တွေ့ရှိသူ ပုဂ္ဂလိကဆေးခန်းရှိရာ အင်းယားလိတ်ဟိုတယ်ဝန်းကို Lockdown ချ

မအူပင်တွင် COVID-19 ကိစ္စ ဆန္ဒပြမှု ဦးဆောင်သူကို ရဲတပ်ဖွဲ့ အမှုဖွင့်

Loading