COVID-19 ရောဂါ ဖြစ်ပွားမှု ပိုမိုကျယ်ပြန့်လာပါက ရန်ကုန်တိုင်းရှိ ရေလုပ်ငန်းများ ရပ်နားရတော့မည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိ အခြေအနေတွင် ငါး၊ ပုဇွန် ဝယ်ယူသည့် ကုမ္ပဏီများ၌ ဝန်ထမ်း အခက်အခဲ ဖြစ်ခြင်း၊ ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိခြင်း၊ တာရှည် သိုလှောင်ထားရန် အအေးခန်း အခက်အခဲများ ဖြစ်ပေါ်ခြင်းများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း မှ သိရသည်။
“ကုမ္ပဏီတွေက COVID-19 ဒီထက်မက ဆိုးလာမလား ဆိုတာကို ကြောက်နေတယ်။ ဆိုးလာရင် ဘာမှ လုပ်လို့ မရတော့ဘူး။ Lockdown တွေဘာတွေ ဖြစ်လာရင် အလုပ်သမား အခက်အခဲတွေ ဖြစ်လာမယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။
ထို့ပြင် ပြည်တွင်းငါးခြောက် လုပ်ငန်းများ၊ လူအများ စားသုံးသည့် ငါးများ ဝယ်ယူရောင်းချသည့် လုပ်ငန်းများ ယခုအခါ ရပ်တန့်သလောက် ဖြစ်နေကြောင်း သိရသည်။
ထိုကဲ့သို့ လုပ်ငန်းများ ရပ်တန့်မှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးမှ ထွက်ရှိသည့် ကမ်းဝေး ငါးဖမ်း ရေယာဉ်များတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ရရှိလာသည့် ငါး၊ ပုဇွန်များကို ဧပြီလ ၉ ရက်နေ့ နောက်ဆုံးထား ဝယ်ယူပေးရန် ကုမ္ပဏီများနှင့် ငါးခြောက်လုပ်ငန်းရှင်များအား မေတ္တာရပ်ခံ တောင်းဆိုထားရကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း မှ သိရသည်။
ယင်းအခက်အခဲများနှင့် ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များကို သိရှိလိုကြောင်း ဧပြီလ ၁ ရက်နေ့က မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်သည်။
ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက “ကျနော်တို့ကို ပိုက်ဆံပေးလည်း ပိုက်ဆံ မလိုချင်ဘူး။ ကျနော်တို့က ငါးဖမ်းနေတာကို ဒီငါးကို ဈေးကွက်ရှိဖို့ လိုတာပေါ့။ သက်ဆိုင်ရာ ကုမ္ပဏီတွေက ဝယ်ပေးမယ်ဆိုရင် ပြေလည်မယ်။ နိုင်ငံခြားလည်း သွားရောင်းလို့ မရ။ ဖမ်းလို့ အဆင်မပြေတော့လည်း ကိုယ့်အသိနဲ့ ကိုယ်နားမှ ရမှာပေါ့။ ငါးကတော့ ဖမ်းချင်တာပေါ့။ ဒါပေမယ့် ဝယ်မယ့်သူ မရှိဘူးဆိုတော့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ ဒီအခက်အခဲကို နိုင်ငံတော်လည်း သိရှိရအောင်ပေါ့။ မဟုတ်ရင် သိချင်မှ သိမယ်လေ” ဟု ရှင်းပြသည်။
အဆိုပါ တင်ပြထားသည့် အချက်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးလှထွန်းက ပြောသည်။
ဦးလှထွန်းက “နိုင်ငံတော်ကမူအတိုင်း SME တွေကို ထောက်ပံ့ပေးမယ်ပေါ့။ ဆက်သွယ်ကြည့်လိုက်တော့ အဓိကက ငွေမလိုဘူး ဖြစ်နေတာ။ သူတို့က Buyer လိုချင်တာတဲ့။ သူတို့ပစ္စည်းတွေ မြန်မြန် ကုန်သွားအောင်ပေါ့။ ဒီအချိန်မှာ COVID-19 ဖြစ်တော့ ဟိုတယ်တွေကလည်း Lockdown တွေ ဖြစ်နေတာကိုး။ ဒါက စီး/ကူးနဲ့လည်း တိုင်ပင်မယ်၊ စည်ပင်တွေ ဝန်ကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ အဖြေပေးလို့ ရမှာပေါ့” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့ အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ COVID-19 ရောဂါ စောင့်ကြည့်လူနာ ၅၉၅ ဦး နှင့် သံသယ လူနာ ၂ ဦး ရှိသည့်အနက် ပိုးတွေ့သူ ၁၆ ဦး၊ ပိုးမတွေ့သူ ၄၉၈ ဦး နှင့် ဓာတ်ခွဲ အဖြေစောင့်ဆိုင်းဆဲ ၈၃ ဦး ရှိကြောင်း သိရသည်။ COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၆ ဦးအနက် ၁ ဦး သေဆုံးခဲ့သည်။
ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် ဧပြီ ၁ ရက်အထိ ကမာ္ဘ့နိုင်ငံများ နှင့် နယ်မြေများ ၂၀၅ ခု အထိ ပြန့်ပွားလျက် ရှိပြီး သေဆုံးသူ ၄၀,၇၇၇ ဦး ရှိပြီဖြစ်သည်။ တကမာ္ဘလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့လူဦးရေ ၈၂၇,၄၁၉ ဦး ရှိပြီဖြစ်သည်။
You may also like these stories:
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ
မြန်မာက နိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ဧပြီကုန်ထိ ယာယီရပ်ဆိုင်း
ရန်ကုန်ရှိ စက်မှုဇုန်များတွင် အခြေခံ စားသောက်ကုန်များ ရောင်းချပေးရန် စီစဉ်