ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ COVID-19 ရောဂါပိုးရှိသူ Case-8 ဖြစ်သည့် ဧည့်လမ်းညွှန် အမျိုးသမီးနှင့် ညောင်ဦး ခရိုင်အတွင်းမှ အနီးကပ် ထိတွေ့ခဲ့သူ ၉၂ ယောက်မှာ COVID-19 ရောဂါပိုး လက္ခဏာ မရှိသည့်အပြင် Quarantiine ၁၄ ရက် ပြည့်ပြီဖြစ်၍ ၎င်းတို့ နေအိမ်သို့ ယနေ့ ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က “နောက်ဆုံး ထိတွေ့ခဲ့တဲ့နေ့နဲ့ ဒီနေ့က ၁၄ ရက် ပြည့်တယ်။ အကုန်လုံးကလည်း ဖျားတာ၊ ချောင်းဆိုးတာ မရှိဘူး။ အ ကုန်လုံး အသက်ရှူ လမ်းကြောင်း ဆိုင်ရာလည်း ဘာမှ လက္ခဏာ မရှိတဲ့အတွက်ကြောင့် အကုန် ပြန်ခွင့်ပြုလိုက်တာပါ” ဟု ဧရာဝတီကို အတည်ပြု သည်။
အဆိုပါ ၉၂ ယောက်ကို မတ် ၂၈ ရက်မှ စတင်ကာ လောကသစ္စာဟိုတယ်၊ ရွှေပိုးအိမ်ဟိုတယ်၊ ရာဇဂြိုဟ်ဟိုတယ် နှင့် ညောင်ဦးမြို့နယ် တိုင်းရင်းဆေးရုံတို့တွင် Facility Quarantine ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသူတို့အနက် ပစ္စည်းသယ်ဆောင်သူ ၁ ဦးမှာ ဖျားခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်ခဲ့ရာ ညောင်ဦးမြို့ ပြည် သူ့ဆေးရုံတွင် သီးသန့်ခွဲကာ ကုသပေးပြီးနောက် ၎င်းလူနာ၏ နှာခေါင်တို့ဖတ် နမူနာကို အမျိုးသားကျန်းမာရေး ဓာတ် ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင် စစ်ဆေးခဲ့ကြောင်း ဒေါက်တာအောင်အောင်က ရှင်းပြသည်။
စစ်ဆေးချက် အဖြေအရ ထိုသူတွင် COVID-19 ရောဂါပိုး မရှိ(negative)ကြောင်း တွေ့ရှိရပြီး ကျန်းမာရေး လည်း ကောင်းမွန်သဖြင့် ဧပြီ ၁ ရက်နေ့က ဆေးရုံဆင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ အောင်အောင် က “အိမ်မှာပဲ နေဖို့။ ဒီနှစ်ပတ်အတွင်းမှာ တခုခုဖြစ်ရင် ကျန်းမာရေးဌာနကို ချိတ်ဆက်ပြောဖို့။ အပြင်ကို သိပ်မထွက်ဖို့။ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့။ လက်ဆေးတဲ့ အပြု အမူတွေ၊ တယောက်နဲ့ တယောက် ၃ ပေအကွာ စကားပြောဖို့ အဲဒါမျိုးတွေ မှာထားပါတယ်” ဟုလည်း ဆိုသည်။
ယခုကဲ့သို့ မည်သူ တဦးတယောက်မျှ ကူးစက်သည့် လက္ခဏာများ မတွေ့ရ၍ ကာယကံရှင်နှင့် မိသားစုဝင်များ၊ ညောင်ဦး မြို့သူမြို့သားများအတွက် ဝမ်းသာကြောင်း၊ ယခုလို ကွာရန်တင်း ထားသည့်အတွက် ရောဂါပိုး ရှိသည် ဆိုလျှင်လည်း အချိန်မီ သိရှိ ကုသနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ညောင်ဦးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန် ကလည်း “ကွာရန်တင်း ၁၄ ရက်ပြည့်လို့ ပြန်လွှတ်လိုက် ပါပြီ။ ကျန်းမာရေးလည်း အကုန်လုံး ကောင်းမွန်တဲ့အတွက်ပါ။ ဧည့်သည်က ကျနော်တို့ဆီ ၁၈ ရက်နေ့ ရောက်တယ်။ သူတို့ ထိတွေ့မှုက အဲဒီက စသတ်မှတ်ရမှာဆိုတော့ ၁၈ ရက်က စတွက်ပြီး ၁၄ ရက် ပေါင်းလိုက်တာပေါ့။ သိသိချင်း မှာဘဲ အားချင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ” ဟု ရှင်းပြသည်။
COVID-19 ရောဂါပိုးရှိ လူနာ Case-8 ဧည့်လမ်းညွှန် အမျိုးသမီးသည် မတ် ၂၅ ရက်မှ စတင်၍ ချောင်းဆိုးခြင်း၊ အန် ခြင်း လက္ခဏာများဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ မတ် ၂၆ ရက်တွင် လာရောက် ပြသခဲ့ရာ ပြင်းထန် အဆုတ် ရောင် ရောဂါ လက္ခဏာများ တွေ့ရှိရပြီး မတ် ၂၇ တွင် ဓာတ်ခွဲ အဖြေအရ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ၄ ဦးကို မတ် ၂၈ ရက်တွင် အသွားအလာ ကန့်သတ်ပြီး မတ် ၂၉ ရက်တွင် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးခဲ့ပြီး ထို ၄ ဦးအနက် ၃ ဦးမှာ (လူနာ အမှတ် ၁၁၊ ၁၂၊ ၁၃) တို့တွင်လည်း မတ် ၃၀ ရက် ဓာတ်ခွဲခန်းအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဧပြီ ၁ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆ ဦး၊ သေဆုံး ၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ
COVID-19 ကြောင့် ရေလုပ်ငန်းများ ရပ်နားရတော့မည်
နေပြည်တော် COVID -19 အတည်ပြု လူနာနှင့် ထိတွေ့ ခဲ့သူများတွင် ဗိုင်းရပ်စ်ပိုး မတွေ့ ရ