လေရှီးတွင် စောင့်ကြည့်လူနာများ အတွက် ကျန်းမာရေး ဝန်ထမ်း မလုံလောက်၍ စိုးရိမ်နေ
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့နယ်တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် COVID – 19 စောင့်ကြည့်လူနာ ၅ ဦး ရှိနေပြီး ကျန်းမာရေး ဝန်ထမ်း မလုံလောက်ခြင်းကြောင့် ရောဂါပြန့်ပွားမှု အတွက် စိုးရိမ်နေကြောင်း သိရသည်။
ကျေးရွာပေါင်း ၇၂ ရွာရှိသည့် လေရှီးမြို့တွင် ကျန်းမာရေးဌာန ၄ ခုရှိကာ ကျေးရွာဌာနခွဲပေါင်းက ၂၃ ခုသာရှိပြီး လက်ရှိ လေရှီးမြို့နယ်တွင်ရှိသည့် မြို့နယ်ဆေးရုံနှင့် ဆွမရာ တိုက်နယ်ဆေးရုံ ၂ ခုအတွက် ဆရာဝန် ၁ ဦးသာ ရှိသည်ဟုလည်း လေရှီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဌာနခွဲများတွင် ဆရာဝန်မရှိခြင်း၊ တချို့ကျန်းမာရေး ဌာနများတွင် သားဖွားဆရာမများ အစားထိုး ဝင်ရောက်မှု မရှိသေးဘဲ လစ်လပ်နေခြင်းများလည်း ရှိကြောင်း သိရသည်။
ဦးကျော်ဌေးက”သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်က အခုလောလောဆယ်မှာ ဝန်ထမ်းခန့်ဖို့ သင်တန်းဆင်းတွေ မလုံလောက် ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် လိုတဲ့နေရာတွေကို အစားထိုးခန့်ဖို့ ရာထားပြီးသားလို့ ပြောတယ်”ဟု ပြောသည်။
လေးရှီး မြို့နယ်သည် အိန္ဒိယ၊ ဟုမ္မလင်း၊ ခန္တီးမြို့ တို့နှင့် ထိစပ်နေသောမြို့ဖြစ်ပြီး လူဦးရေ ၁ သောင်းကျော် နေထိုင်ကာ ပြည်တွင်းသွားလာမှု ဆက်သွယ်ရေး ခက်ခဲသည့်အတွက် အနီးစပ်ဆုံး အိန္ဒိယဘက်သို့ ကျောင်းတက်ခြင်း၊ ဆေးကုခြင်းများ အတွက် သွားရောက်မှုများ ရှိကြောင်း သိရသည်။
ဦးကျော်ဌေးက”စောင့်ကြည့်လူနာက အခု ၅ယောက် အိန္ဒိယကနေ စာသင်ပြီး ပြန်လာတာ။ စင်ကာပူက ပြန်လာတဲ့ ၃ ယောက် တော့ ၁၄ ရက်ပြည့်လို့ သူတို့ိအိမ်မှာ။ ဒီလိုစောင့်ကြည့်လူလည်းရှိ ကျန်းမာရေးမှူးကလည်း မရှိဆိုတော့ စိုးရိမ်တာ ကတော့ အမှန်ပဲ။ နောက်လူနေမှုကလည်း ကျန်းမာရေးနဲ့အညီ နေထိုင်တတ်တာတွေ မရှိတော့ ဖြစ်လာပြီဆိုရင် စိုးရိမ်စရာ ပေါ့”ဟု ပြောဆိုသည်။
လေရှီးမြို့နယ်တွင် COVID – 19 ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ် ၅ ဂိတ်ထားရှိကာ အိန္ဒိယနယ်စပ်ရွာသို့ သွား သော လမ်းဆုံများ၌ ဂိတ်ထား၍ စစ်ဆေးနေကြောင်း၊ အစိုးရက ရောဂါကာကွယ်ရေး အတွက် PPE ဝတ်စုံ ၄၀၊ အသက်ရှူ စက် ၂ လုံး ပြင်ဆင်ပေးထားသည့်၍ ကျန်းမာရေးပစ္စည်း ရှိသော်လည်း ကျန်းမာရေး ဝန်ထမ်း လိုအပ်ချက်များလည်း ရှိနေ သေးကြောင်း လေရှီးမြို့နယ်ဆေးရုံမှ ကျန်းမာရေးနှင့်ကုသရေး ဌာနမှူး ဒေါက်တာ နေအောင်စိုးက ပြောသည်။
၎င်းက”ကျနော်တို့ စိုးရိမ်တာကတော့ ပြည်ပပြန်တွေတင်မကဘူး ပြည်တွင်းက လာမယ့်သူတွေအတွက်ပါ စိုးရိမ်တယ်။ ပြည်တွင်းမှာလည်း ရောဂါပိုးရှိတဲ့သူ တွေ့ထားပြီဆိုတော့ အဲ့ဒီဘက်က ကျနော်တို့လူတွေ ပြန်လာခဲ့ရင် ရောဂါပိုးပါလာမှာ ကို စိုးတာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။
အလားတူ လဟယ်မြို့နယ် ဆေးရုံတွင်လည်း COVID-19 ကာကွယ်ရေးအတွက် Surgical Masks နှင့် ကယ်လိုရင်း (ပိုးသတ်ဆေး)များ လိုအပ်လျက်ရှိသည်ဟု လဟယ်မြို့နယ်ဆေးရုံ ကုသရေးဌာနမှူး ဒေါက်တာ သက်ဇင်အောင် ထံမှ သိရသည်။
လဟယ်မြို့နယ်တွင်လည်း အိန္ဒိယမှ ကျောင်းတက်ပြန်လာသူနှင့် ဆေးကုပြန်လာသူ ၂ ဦးကို စောင့်ကြည့်လူနာ အဖြစ် ထားရှိထားကြောင်း လဟယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီက ပြောသည်။
လဟယ်မြို့နယ်တွင် ရပ်ကွက်ကြီး လေးခုရှိပြီး လူဦးရေ ၅ သောင်းကျော် မှီတင်းနေထိုင်ကြပြီး မြို့နယ်ဆေးရုံနှင့် တိုက်နယ် ဆေးရုံ ၂ ခုသာရှိသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ် ၃ ခုအတွက် COVID-19 နှင့် ပတ်သက်ပြီး အသိ ပညာပေးမှုများကို မြို့နယ်ကော်မတီများ ဖွဲ့ကာ လုပ်ဆောင်ပေးနေသည်ဟု နာဂ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောသည်။
ဦးကေဆိုင်းက”ဗိုင်းရပ်စ်ကတော့ နာဂဒေသမှာ အေးဆေးပါပဲ။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်မှာတော့ ကော်မတီတွေ ဖွဲ့ထားပါတယ်။ လက်ရှိတော့ပြည်သူကို အသိပညာပေးဖို့ လုပ်နေတယ်။ မြို့နယ် ကျန်းမာရေးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်မယ်”ဟု ပြောပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် နာဂလူမျိုးများ အများဆုံးနေထိုင်ကြပြီး လူဦးရေ ၁ သိန်း ၃ သောင်း ကျော်ရှိကာ အိန္ဒိယနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသော ဒေသဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် နာဂဒေသ၌ ကလေးငယ်များ ဝက်သက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုရှိခဲ့သလို လက်ရှိတွင် ငှက်ဖျား နှင့် တီဘီရောဂါဖြစ်ပွားမှု အများဆုံး ဒေသတခုလည်း ဖြစ်သည်။
You may also like these stories:
မြဝတီနယ်စပ်မှ ဝင်လာသော ရွှေ့ပြောင်းလုပ်သား အများစုမှာ ပဲခူးတိုင်းသို့ ပြန်ကြ
COVID-19 ရောဂါပိုးရှိသူ Case 16 လူနာနှင့် သားကို ဝေဘာဂီဆေးရုံသို့ ပို့ထား
COVID-19 ရောဂါပိုး ရှိသူ Case – 16 လူနာနှင့် ဆက်စပ်သူ လူပေါင်း ၂၇ ဦး ကို စောင့်ကြည့်