ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တွင် ဧပြီလ ၁ ရက် ညနေ ၅ နာရီ ဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ မနေ့က ပစ်ခတ်မှု ဖြစ်စဉ်မှာ ၅ ဦးသေဆုံး တယ်။ ဒဏ်ရာရတာတော့ လူ ၇ ဦးရှိတယ်။ နောက်ထပ်လည်း ဒဏ်ရာရတာ ရှိသေးတယ်လို့ ကြားတယ်။ မြို့ပြင် ရပ်ကွက်က လူနေ အိမ် ၃ လုံးတော့ လုံးဝ ပြာကျသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူများမှာ ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်မှ ဦးမောင်ကြာ(၇၀နှစ်)၊ ဦးမောင်အေးကျော်(၅၈နှစ်) ဒေါ်ကုလားမစိန်(၆၂နှစ်)နှင့် ကျောက်တော်မြို့ တဖက်ကမ်းရှိ ပိန္နဲချောင်း ကျေးရွာမှ ဒေါ်မထွီး(၅၄နှစ်)သမီး ဖြစ်သူ အသက် ၁၄ နှစ်အရွယ် မဖြူဖြူအေးတို့ ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ ပြည်တော်သာရပ်ကွက်မှ အသက် ၃၀ အရွယ် ဦးကျော်ကျော်နိုင်၊ အသက် ၉ နှစ်အရွယ် မောင်ထွန်း လှိုင်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သိန်းဝေ၊ အသက် ၁၂ နှစ်အရွယ် ကိုကျော်မျိုးသန်း၊ အသက် ၂၆ နှစ်အရွယ် ကိုစိုးဝင်း၊ အသက် ၂၅ နှစ်အရွယ် ကိုနေဆန်းလင်းနှင့် မြို့သစ်ရပ်ကွက် (သင်္ဘောကွေ့ရွာ) မှ အသက် ၁၄ နှစ်အရွယ် ဒိုင်းနက် တိုင်းရင်းသူ မမိုးမိုးနွယ်တို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ဒဏ်ရာ ရရှိသူများထဲတွင် ဘယ်ဘက်ပေါင်ရင်းနှင့် ညာခြေတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော ဒိုင်းနက် တိုင်းရင်း သူ မမိုးမိုးနွယ်မှာ ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မမိုးမိုးနွယ်၏ အဒေါ် ဖြစ်သူ ဒေါ်မယေက “မနေ့က ဘယ်လို ပြောရမလဲ မသိတော့ဘူး။ သရက်အုပ်ရွာဘက်က ကားနဲ့ လာတဲ့ တပ်မတော်သားတွေက သေနတ်တွေ အဆက်မပြတ်ပစ်တယ်။ ဗုံးတွင်းထဲကို ပြေးဝင်ဖို့ အချိန်မရလိုက်ဘူး။ တရပ်စပ် ပစ်တာ။ သမီးလေးက ဗုံးတွင်းထဲကို ပြေးဖို့ လုပ်တဲ့အချိန် ကျည်ထိသွားတာ။ ဘယ်လိုကြောင့် ပစ်တယ် ဆိုတာလည်း မသိတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရရှိသူ မမိုးမိုးနွယ်မှာ မိဘများ မရှိတော့သည့်အတွက် အဒေါ် ဖြစ်သူ ဒေါ်မယေ က သူ့အား ငယ်စဉ်ကတည်းက ကျွေးမွေး စောင့်ရှောက်လာသူ ၁ ဦး ဖြစ်ပြီး လက်ရှိ ဆေးရုံတက်ရောက် ကုသရာတွင်လည်း ငွေကြေး အခက်အခဲ ရှိနေကြောင်း သိရသည်။
ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က ကျောက်တော်မြို့ပေါ် ကမ်းနားလမ်းနှင့် မြို့ပြင် ရပ်ကွက် အနီးဝန်းကျင် ကားလမ်း များတွင် လက်နက်ကြီး၊ လက်နက်ငယ်များ တရပ်စပ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ မြို့ခံများက နေအိမ်တွင် ပြားပြား ဝပ်နေရသည့် အခြေအနေကြောင့် ပစ်ခတ်မှု ဖြစ်ပွားသည့် အခြေအနေကို သေချာ မသိရှိကြောင်း ပြောသည်။
ကျောက်တော်မြို့ခံ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ပစ်ခတ်မှု ဖြစ်တဲ့ အချိန် ကျနော်လည်း မြို့ထဲကို ရောက်နေတယ်။ ပစ်ခတ်မှု ဖြစ်တာကတော့ တော်တော် ပြင်းပြင်းထန်ထန် ဖြစ်တာ။ အိမ်အောက်မှာ ပြားပြား ဝပ်နေရတဲ့ အခြေအနေ ဆိုတော့ ဖြစ်ပျက်တဲ့ အခြေအနေကို သိနိုင်ဖို့ ခက်ခဲ့တယ်။ ပစ်ခတ်သံတွေ ကလည်း အရပ်လေးမျက်နှာက ကြားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့ တဘက်ကမ်းတွင် တည်ရှိသော ပိန္နဲချောင်း ကျေးရွာမှ သေဆုံးသွားသည့် သားအမိ ၂ ဦးမှာ ကုလားတန် မြစ်ကြောင်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်ကြောင့် ထိမှန်သေဆုံးခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကျောက်တော်မြို့ တဖက်ကမ်း ကုလား တန်မြစ် ၏ အရှေ့ဘက်ခြမ်း တွင် လုံခြုံရေး အရ ဆောင်ရွက်ရန် ရပ်တန့်ထားသော တပ်မတော် စစ်ရေယာဉ် ၂ စင်း အား AA အဖွဲ့ က မြို့ ထဲဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် ပြန်လည် တုန့်ပြန် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက ဧရာဝတီသို့ ဖြေဆိုထားသည်။
ယမန်နေ့ မနက်ပိုင်းက ကျောက်တော်မြို့၏ အနောက်ဘက်ရှိ သရက်အုပ် ကျေးရွာအတွင်းသို့ တပ်မတော် စစ်ကြောင်း ဝင်ရောက်ကာ ရွာသားများကို စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ရွာသား ၃ ဦးကိုလည်း ခေါ်ယူသွား ကြောင်း ဒေသခံကျေးရွာ သားများက ပြောသည်။
အဆိုပါ တပ်မတော် စစ်ကြောင်းမှာ သရက်အုပ်ကျေးရွာမှ ညနေပိုင်းတွင် ကားဖြင့် ပြန်လာကြစဉ် ကျောက်တော်မြို့ မရောက်မီ လမ်းခုလတ်တွင် မိုင်းဆွဲ တိုက်ခိုက်မှုကို ခံခဲ့ရာမှ ထိုသို့ လမ်းဘေး အနီးဝန်းကျင် နေရာများသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တော်မြို့ခံ တချို့က ပြောသည်။
ကျောက်တော်မြို့ခံတဦးက “ပစ်ခတ်မှု ဖြစ်တဲ့ အချိန်တော့ ကိုယ့်အသက် မသေဖို့ လုံးပန်းနေရတဲ့ အချိန်ဆိုတော့ ဘာဖြစ်လို့ ဖြစ်မှန်း မသိဘူး။ ပစ်သံ စကြားတာနဲ့ လူတိုင်းက ရှိတဲ့ နေရာမှာ ဝပ်နေကြတာပဲ။ နောက်ပိုင်း လူတွေ ပြောတာ က သရက်အုပ်ရွာ ဘက်က လာတဲ့ တပ်မတော်သားကားတွေ လာကြတဲ့အခါ မြို့ဝင်နားမှာ မိုင်းကွဲမှု ဖြစ်တယ်လို့ ပြောကြတယ်။ အဲဒီမှာ အနီးအနားကို ပစ်ခတ်တာလို့ ပြောတယ်။” ဟု ပြောသည်။
ထိုပစ်ခတ်မှုဖြစ်ပွားသည့် အပြီးတွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဒေသခံ ၆ ဦးကိုလည်း တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့ခံ များက ပြောသည်။
လက်ရှိအချိန်တွင် သရက်အုပ်ကျေးရွာမှ ရွာသား ၃ ဦး၊ ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်မှ ဒေသခံ ၆ ဦး၊ စုစုပေါင်း ရခိုင် တိုင်းရင်းသား ၉ ဦးမှာ တပ်မတော်သားများထံ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက အတည်ပြုသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်း ကျောက်တော်မြို့ပေါ် လူနေရပ်ကွက်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ လည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယတန်း ကျောင်းသားလေး ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်း ကတည်းက နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူများမှာလည်း နေ့စဉ်နှင့် အမျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြား လာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲ လည်း ဖြစ်သည်။
ဆက်စပ်လင့်
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ
AA နှင့် ဆက်သွယ်သည့် သတင်းသမားများကို ဖမ်းဆီးနေမှုအပေါ် သဘောထားအမြင်များ