သတင်း

ပေါက်ခေါင်းမြို့နယ်မှ မိသားစုဝင် ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

COVID-19 ရောဂါပိုးတွေ့ရှိ Case 15 အမျိုးသမီးလူနာနှင့် ထိတွေ့ခဲ့သည့် ပေါက်ခေါင်းမြို့နယ် ဒု-အုပ် ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၄ ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧပြီလ ၂ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ရောဂါပိုး ကူးစက်ခံရသူများမှာ ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အသက် ၁၁ နှစ်အရွယ်သား၊ ၉ နှစ်အရွယ်သမီးနှင့် ၁၈ နှစ်အရွယ် တူမတို့ထံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်ဆေးရုံဆရာဝန်ကြီး ဒေါက်တာ သိမ့်သိမ့်ထွန်းက ဧရာဝတီသို့ အတည်ပြုသည်။

မတ်လ ၃၁ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် COVID-19 ရောဂါပိုးတွေ့ရှိသူ Case 15 လူနာ၏ အမျိုးသားနှင့် မိသားစုဝင်များဖြစ်ပြီး ၎င်း၏ အမျိုးသားမှာ ပေါက်ခေါင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ နေအိမ်မှ သားသမီးနှစ်ဦးနှင့် တူမတို့အား ပေါက်ခေါင်းမြို့သို့ ကိုယ်ပိုင်ယာဉ်နှင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ဇနီးသည်တွင် ရောဂါပိုးတွေ့ရှိကြောင်းသိရှိပြီးနောက် မိသားစုဝင် ၄ ဦး၏ နှာခေါင်းတို့ဖတ်နမူနာအား အမျိုးသားကျန်းမာရေး. ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ယမန်နေ့က ပေးပို့ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်နေ့က အဆိုပါဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စုစုပေါင်း လူ ၂၀ ခန့်အစည်းအဝေးပြုလုပ်ခဲ့သေးကြောင်း သိရသည်။

အသက် ၄၅ နှစ်အရွယ် Case 15 လူနာအမျိုးသမီးမှာ နိုင်ငံခြားသားများအား ကျန်းမာရေးဝန်ဆောင်မှုပေးသည့် International SOS ပုဂ္ဂလိကဆေးခန်းတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မတ်လ ၂၇ ရက်နေ့က ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများကိုခံစားခဲ့ရသည်။

ထို့နောက် မတ် ၃၀ ရက်နေ့က ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် သွားရောက်ပြသခဲ့ပြီး ရန်ကုန်တိုင်းအနောက်ပိုင်း ဆေးရုံကြီးတွင် ဓာတ်ခွဲနမူနာရယူပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ စစ်ဆေးခဲ့ရာမှ မတ်လ ၃၁ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိကြောင်း သိခဲ့ရခြင်း ဖြစ်သည်။

You may also like these stories:

COVID-19 ရောဂါပိုးရှိသူ Case 16 လူနာနှင့် သားကို ဝေဘာဂီဆေးရုံသို့ ပို့ထား

COVID-19 ပိုးတွေ့လူနာ ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သူ ၉၂ ဦးအား အိမ်ပြန်ခွင့်ပြု

Loading