လှိုင်သာယာ စက်မှုဇုန်ရှိ ကိုရီးယား နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ Myan Mode က လုပ်သား ၅၀၀ ကျော်ကို အကြောင်းပြချက် မပေးဘဲ ရုတ်တရက် အလုပ်ထုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ကိုရီးယား ကောင်စစ်ဝန်၊ လုပ်ငန်းရှင်နှင့် အလုပ်သမားတို့ ဧပြီ ၃ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း လှိုင်သာယာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
စက်ရုံလုပ်သား မောင်မိုးက “ကောင်စစ်ဝန်နဲ့ သံရုံးမှာ တွေ့ဖို့ ချိန်းထားတယ်။ သူတို့က ဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ပြီးတော့ တရားပဲ စွဲခိုင်းနေတယ်။ တရားစွဲခိုင်းတဲ့ အချိန် ကာလအတွင်းမှာ ကျနော်တို့ အလုပ်သမားတွေက ကြားကာလ နစ်နာကြေး ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိဘူး” ဟု ပြောသည်။
Myan Mode အထည်ချုပ်စက်ရုံမှ လုပ်သား ၅၇၁ ဦးကို မတ်လ ၂၈ ရက်နေ့က အကြောင်းပြချက်မဲ့ အလုပ် ထုတ်ခဲ့သည့် အပြင် လစာလျော်ကြေးလည်း အပြည့်အဝ မရရှိသဖြင့် ထိုနေ့တွင်ပင် အလုပ်သမား များသည် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ခဲ့သည်။
ယမန်နေ့ နေ့လည်မှ ညနေအထိ လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးတွင် အလုပ်ရှင် အလုပ်သမား အစိုးရ ၃ ပွင့်ဆိုင် ညှိနှိုင်းကြသော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။
စက်ရုံလုပ်ငန်းရှင်မှ ကြိုတင် အကြောင်းကြားချက်မပေးဘဲ အလုပ်ထုတ်ခဲ့ခြင်းကြောင့် အလုပ်ရှင်အလုပ်သမား ပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ပြောသည်။
ဦးချစ်ကိုကိုလင်းက “အလုပ်ရှင်ဘက်က ကြိုတင်ပြီးတော့ တင်ပြ အကြောင်းကြားတာမျိုး အလုပ်သမားတွေနဲ့ မလုပ်ခဲ့လို့ ဒီပြဿနာ တက်တယ်လို့ မြင်ပါတယ်။ လုပ်သားလျှော့ချချင်တာ ဖြစ်ဖြစ် အလုပ်ရုံ ပိတ်တာပဲ ဖြစ်ဖြစ် ဘာကြောင့် ဖြုတ်မယ် ဘာကြောင့်လျှော့ချမယ် ဘာကြောင့် ပိတ်မယ်ဆိုတာကို ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ပြောပြပြီးတော့ သက်ဆိုင်ရာ အလုပ်သမားတွေကို ပြောပြပြီးတော့ ကြိုတင်အသိပေးသင့်တယ်” ဟု ဆိုသည်။
အဆိုပါစက်ရုံတွင် အလုပ်သမားကို တနေ့ လုပ်ခလစာနှုန်းထား ၅၄၀၀ ကျပ်ဖြင့် လစာပေးခြင်းဖြစ်သော်လည်း အလုပ်ထုတ်သည့်အခါ ၄၈၀၀ ကျပ်နှင့်သာ တွက်ချက် လျော်ကြေးပေးခဲ့သဖြင့် အချို့က လက်ခံသော်လည်း အလုပ်သမား ၁၀၀ ခန့်က လျော်ကြေးရယူခြင်း မရှိဘဲ အလုပ်ပြန်လည်ရရှိရန် တောင်းဆိုနေကြောင်း မောင်မိုးက ဆက်ပြောသည်။
၎င်းက “အလုပ်ဖြုတ်တဲ့ နေရမှာလည်း ၃ လသမားတွေ ၆ လသမားတွေ ဒီလို အစဉ်လိုက် မဖြုတ်ဘဲနဲ့ ဥပဒေကို ကျော်ပြီးတော့ နေ့စားသမားတွေကိုကျတော့ အလုပ်ခန့်ထားတယ်။ ၃ နှစ်ကျော်သမားတွေကျတော့ ဖြုတ်ချပစ်တယ်” ဟု ရှင်းပြသည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနမှ လုပ်ငန်းရှင်ကို တွေ့ဆုံမေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိပေ။
ဆက်စပ်ဖတ်ရှုရန်
COVID – 19 ကြောင့် ပုသိမ်စက်မှုဇုန် အလုပ်သမား၂၉၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်
တကမ္ဘာလုံး ဖြစ်နေတဲ့ အကျပ်အတည်း ဒီအချိန်မှာ အစိုးရကို အားကိုးချင်တယ်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ