ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့က မူလ ရည်ရွယ်ထားသည့် သင်္ကြန်ကာလ အသုံးပြုရန် ဘတ်ဂျက်ငွေများကို တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်အား COVID-19 ရောဂါ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်း၌ အတာသင်္ကြန် ကျင်းပရန်အတွက် လက်ရှိ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အတွင်း မြို့နယ် ၁ မြို့နယ်လျှင် ကျပ်သိန်း ၂၀ စီ ထည့်သွင်း ရေးဆွဲထားခဲ့ရာမှ အဆိုပါ သင်္ကြန်ပွဲ ကျင်းပမည့် ငွေကြေးများကို COVID – 19 ရောဂါ ကာကွယ်ရေးလုပ်ဆောင်ရာတွင် ပြောင်းလဲ အသုံးပြုရန် ဧရာဝတီတိုင်းအစိုးရက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တိုင်းအစိုးရအဖွဲ့၏ ဘဏ္ဍာရေးရန်ပုံငွေမှ ကျပ်သိန်း ၁၀၀ စီ ထပ်မံ ဖြည့်စွက်၍ မြို့နယ် ၁ မြို့နယ်လျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် မြို့နယ် ၂၆ မြို့နယ်အတွက် ကျပ်သိန်း ၃၁၂၀ အား COVID-19 ကာကွယ်ရေး သုံးစွဲရန် ပေးအပ် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ဧရာဝတီတိုင်းမှာ သင်္ကြန်ပွဲတော် ကျင်းပဖို့ တမြို့နယ်ကို ကျပ်သိန်း ၂၀ ခွင့်ပြုပေးထားတာ ရှိပါတယ်။ အဲဒီ သင်္ကြန်အတွက် သုံးဖို့လျာထား တဲ့ ကျပ်သိန်း ၂၀ ကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ အညီ ပေးပါမယ်။ အဲဒါ အပြင် တိုင်းအစိုးရအဖွဲ့ရဲ့ သဘာ၀ ဘေး ရန်ပုံငွေထဲကနေ ကျပ်သိန်း ၁၀၀ ပေးပါမယ်။ ဒါကြောင့် ၁ မြို့နယ်ကို ကျပ်သိန်း ၁၂၀ စီ ရောဂါ ကာကွယ်ရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့ ပေးအပ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဝန်ကြီးများကို တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်အား ခွဲေ၀ တာဝန်ပေးအပ်ထားပြီး ထောက်ပံ့ကြေး ကျပ်သိန်း ၁၂၀ ကို သက်ဆိုင်ရာ တာဝန်ခံဝန်ကြီးများမှတဆင့် မြို့အသီးသီးသို့ သွားရောက်ချိန်တွင် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြ သည်။
“မြို့နယ်အလိုက်ကို ဝန်ကြီးတွေကို တာဝန် ချထားပေးပါတယ်။ ရုံးပိတ်ရက်တွေမှာ ကျနော်တို့ သက်ဆိုင်ရာ မြို့နယ် တွေ ကို သွားကြမယ်။ စောင့်ကြည့်တဲ့ Quarantine Centre တွေ သွားကြည့်မယ်၊ မြို့နယ်ကော်မတီတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့အခက်အခဲတွေ လိုအပ်ချက်တွေ တင်ပြလာတဲ့အပေါ်မှာ ဆုံးဖြတ်ချက်တွေ ပြန်ပြောတာတွေ ဆောင်ရွက်ပါမယ်။ ထောက်ပံ့မယ့်ငွေ သိန်း ၁၂၀ ကိုလည်း အဲဒီခရီးစဉ်တွေမှာ တပါတည်း ပေးအပ်သွားမှာပါ”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ပြည်ပမှ ပြန်လာသူများထဲမှ COVID-19 ရောဂါ သံသယ လူနာ ၁၄ ဦး ဆေးရုံ တက်ရောက်၍ ကုသမှုခံယူခဲ့ရပြီး အဆိုပါ ၁၄ ဦးစလုံးတွင် ရောဂါပိုးမတွေ့ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။
ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက “ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အတွက် အခုလို ထောက်ပံ့ပေးမယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် လိုအပ်တဲ့ ရောဂါကာကွယ်ရေး ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ၊ လက်ဆေးရည် Hand Gel တွေ ဝယ်လို့ရမယ်။ စောင့်ကြည့်စင်တာ တွေမှာ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်လို့ရမယ်။ ပြည်သူလူထုကို ပညာပေးဖို့ လက်ကမ်း စာစောင်တွေ လုပ်ပြီး ဝေငှပညာပေး လို့ ရမယ်။ အခုကတော့ စေတနာရှင်တွေ ကူညီမှုအများစုနဲ့ လုပ်နေရတာ”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ လပွတ္တာ၊ မအူပင်နှင့် ဖျာပုံစသဖြင့် ခရိုင် ၆ ခရိုင်၊ မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိပြီး လူဦးရေစုစုပေါင်း ၆ ဒဿမ ၂ သန်းကျော် မှီတင်းနေထိုင်ကြကာ အများစုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းလုပ်ကိုင်ကြသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂ ရက်နေ့ အထိစာရင်းအရ ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါ ဖြစ်ပွားသူ ၂၀ ဦး
ရှိခဲ့ပြီး ယင်းလူနာများအနက် အသက် ၆၉ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။ ရောဂါပိုး ကူးစက်ခံထားရသူများ တွေ့ရှိခဲ့သည့်ဒေသများမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
တရုတ်နယ်စပ်ဂိတ် အဝင်/အထွက် ပိတ်သဖြင့် ဆန်နှင့် ဆန်ကွဲ ရောင်းချမှု ထက်ဝက်လျော့ကျ
လုပ်သား ၅၀၀ ကျော် အလုပ်ထုတ်ခံရမှု ကိုရီးယားကောင်စစ်ဝန် ဝင်ရောက်ညှိနှိုင်းမည်
ကျောက်မြောင်းက COVID-19 သံသယလူနာကို သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်