ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက လက်ဝဲ စာတိုက် ကျေးရွာအနီးတွင် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲသည့်အတွက် အရပ်သား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ လက်ဝဲစာတိုက်ကျေးရွာမှ ထိခိုက်ဒဏ်ရာ ရရှိသူမှာ အသက် ၃၅ နှစ်အရွယ် ဦးစောဝင်းနိုင် ဖြစ်ပြီး ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ကျေးရွာအနီးရှိ ၎င်း၏ နွားခြံသို့ သွားရောက်စဉ် ထိုသို့ ထိမှန် ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူက ပြောပြသည်
ဒဏ်ရာ ရရှိသူ ဦးစောဝင်းနိုင်က “ကျနော် ဒီနေ့ မနက် ၇ နာရီလောက်မှာ ခြံထဲက နွားတွေကို လွှတ်ဖို့ သွားတာ။ အဲဒီမှာ ရွာပြင်ကို ထွက်တာပဲ ရှိသေးတယ်။ လက်နက်ကြီး ၂ လုံး ကျနော်နဲ့ မနီးမဝေးမှာ ဆက်တိုက် လာကျတယ်။ အဲဒီကနေ အစ လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ဝဲ စာတိုက်ကျေးရွာသားများကတော့ ယမန်နေ့ ညဉ့် အချိန်ကတည်းက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ၎င်းကျေးရွာ အနီးဝန်းကျင် တောင်တန်းများအား ပုဏ္ဏားကျွန်း အခြေစိုက် အမှတ် ၅၅၀ တပ်ရင်း နောက်ဘက် တောင်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး အကြောင်းအရင်းကို မသိရှိကြောင်း ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ကျနော် ဒီနေ့ အဲဒီ ကျည် ထိတဲ့ လူနာ အပါအဝင် ရွာသားတွေနဲ့ သွားပြီးတော့ တွေ့ဆုံခဲ့တယ်။ သူတို့ ပြောတာက တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ ၅၅၀ တပ်ရင်း အနောက်ဘက်မှာ ရှိတဲ့ တောင်ကုန်းက ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ကြောင့် အစလာမှန်ပြီး ထိတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ဦးစောဝင်းနိုင်မှာ ကျောကုန်းတွင် လက်နက်ကြီး ကျည်အစ ထိမှန်ခဲ့သော ဒဏ်ရာဖြင့် စစ်တွေဆေးရုံသို့ တက်ရောက်ကာ ဆေးကုသမှုကို ခံယူနေရပြီး ၎င်းမှာ အသက်ရှု ကျပ်သည့် အတွက် စကား အနည်းငယ်သာ ပြောနိုင်သည့် အခြေအနေတွင် ရှိသည်
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင်အရေအတွက်မှာ သိန်းနှင့်ချီ ရှိလာကာ ဒေသခံပြည်သူများမှာလည်း အသက်လု ထွက်ပြေး နေကြရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည်သူများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး ၊ ဒဏ်ရာ ရရှိနေမှု နှင့်အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှုှုံ့ခံရမှုများလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲ လည်း ဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ကလည်း ကျောက်တော်မြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် အရပ်သား ၅ ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ကျောက်တော်ပစ်ခတ်မှု ၅ ဦးသေ ၊ ၇ ဦး ဒဏ်ရာရ
မင်းပြားတွင် ဗုံးဆန်ထိ၍ ရွာသား ၂ ဦးသေဆုံး
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ