သတင်း

ပေါက်ခေါင်းရှိ ပိုးတွေ့လူနာနှင့် တွေ့ခဲ့သူများကို Facility Quarantine ဖြင့် စောင့်ကြည့်

Want create site? Find Free WordPress Themes and plugins.

ဇနီးဖြစ်သူ Case 15 အမျိုးသမီး ထံမှ Covid-19 ရောဂါပိုး တဆင့် ကူးစက်ခံခဲ့ရသည့် ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး နှင့်အတူ မတ် ၂၈ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ကြသူအားလုံး ယနေ့ စတင်ကာ Facility Quarantine ပြုလုပ်ပြီ ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဦးက “သူနဲ့အတူ အစည်း အဝေး လုပ်ခဲ့သူ အကုန်လုံးကို Facility Quarantine ထားမယ်၊ ပြီးရင် ထွေအုပ်ရုံးကို လုံးလုံးပိတ်ပြီးတော့ ၂ ပါတ်ကို သပ်သပ်နေရာမှာ ရုံးလုပ်မယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့ ပေါက်ခါင်း လဝက၊ သဲကုန်း လဝကရုံး၊ ပြည်(လဝက) ရုံးတွေပိတ်မယ်  လူအစောင့်လောက်ပဲ ထားမယ်။ အလုပ် လုပ်လို့တော့ မရဘူး။ ပေါက်ခေါင်းဈေးကိုလည်း ပိတ်မယ်။ မိသားစုဝင် တွေကိုတော့ Home Quarantine နဲ့ထားပြီး စောင့်ကြည့်သွားမယ်။ “ဟု ပြောသည်။

ပေါက်ခေါင်းမြို့နယ်မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ မိသားစု ၃ ဦးထံတွင် COVID-19 ပိုးတွေ့ကြောင်း ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ ၎င်းနှင့် နီးကပ်စွာ ထိတွေ့ခဲ့သူများဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် လဝက ဝန်ထမ်းများနှင့် အစည်းအဝေး ပြုလုပ်ခဲ့သလို တခြားထိတွေ့ခဲ့သူများကိုပါ Facility Quarantine ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးထွန်းထွန်းဦး က “ပေါက်ခေါင်းမြို့နယ်အတွက် COVID-19 ရောဂါကာကွယ်ရေးတွေ ဆက်လုပ်ဖို့ ကိစ္စတွေ ကိုတော့ သူတို့က Facility Quarantine လုပ်ထားတာဆိုတော့ အပြင်ထွက် လုပ်လို့မရတော့ဘူး၊ ဖုန်းနဲ့ပဲ အလုပ် လုပ်ခိုင်းမယ်။ နောက်ပြီး တိုင်းအစိုးရ ကလည်း ခရိုင်ထွေအုပ်ကို ညွှန်ကြားထားပြီးပြီ။ ဒီအပြင်ဌာနတွေနဲ့ ပေါင်းပြီး ပြန်ဖွဲ့ဖို့။” ဟု ရှင်းပြသည်။

Facility Quarantine ဖြင့် စောင့်ကြည့်ခံရမည့်သူများမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်ချစ်၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီဒွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သည့် ဦးဝင်းနိုင်နှင့် ဦးသက်မင်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၂၀ ခန့် ရှိကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်ချစ်က ပြောသည်။

ဒေါက်တာ ဝင်းမြင့်ချစ်က “အစည်းအဝေးလုပ်တုန်းကလည်း ၃ ပေအကွာကနေ အစည်းအဝေး လုပ်ခဲ့ကြတယ်။ Positive ဖြစ်တဲ့လူ ကိုယ်တိုင် ကလည်း Mask တပ်ထားပါတယ်။ သူ့သဘာဝက စကားလည်းနည်းတော့ အဲဒီနေ့က ဘာမှပြောပါဘူး။ ဒါပေမယ့် နောက်ထပ် Transmission ကို ရပ်ဖို့ လုပ်ရမှာဖြစ်လို့ ကျန်းမာရေးကိစ္စကို ဆောင်ရွက်ရတာဖြစ်လို့ ဘာမှ စိတ်မပူကြပါနဲ့ ပြောချင်တယ်။” ဟု ဧရာဝတီကိုပြောသည်။

ပဲခူးတိုင်းအတွင်း COVID-19 ရောဂါပိုး ကူးစက်ခံရသူများ ရှိလာပါက ပဲခူးတိုင်းအနောက်ခြမ်းတွင် ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီးနှင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ပဲခူးဆေးရုံကြီးတို့တွင် စောင့်ကြည့် ကုသမှုပြုလုပ်ရန် တိုင်းအစိုးရအဖွဲ့မှ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

လတ်တလောတွင် ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မိသားစုဝင် ၄ ဦးအား ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီးတွင် စောင့်ကြည့်ကုသမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဆက်စပ်လင့်-

လူနာအမှတ် ၁၄ မိသားစုနဲ့ ဧရာဝတီ စကားစမြည်

ပေါက်ခေါင်းမြို့နယ်မှ မိသားစုဝင် ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading