“ဝ” သုံးပါတီကို ဖျက်ကာ “၀”အမျိုးသားပါတီ(WNP)အဖြစ် တစုတည်း ဖွဲ့စည်းပြီးနောက် ယင်းသုံးပါတီပိုင် ပစ္စည်းများကို ပါတီသစ် WNP ၏ ပစ္စည်းများအဖြစ် စာရင်းပြောင်းလဲ ရယူရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်ထုတ်သည်။
“ဝ”အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ် ပါတီနှင့် “ဝ”လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်များက သုံးပါတီပေါင်း၍ “ဝ”အမျိုးသားပါတီ (WNP) အဖြစ် တည်ထောင်ခွင့်ပြုရန် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ရာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ ဧပြီလ ၂ ရက် ပြန်ကြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)က ပစ္စည်းစာရင်းပြောင်းရန် ကြေညာခဲ့ခြင်းဖြစ်သည်။
သုံးပါတီ ပူးပေါင်း၍ နိုင်ငံရေး ပါတီအသစ် တည်ထောင်မည် ဖြစ်သဖြင့် မူလတည်ထောင်ထားသော “၀”နိုင်ငံရေးပါတီ သုံးပါတီကို ဖျက်သိမ်းရမည် ဖြစ်ကြောင်းလည်း ပါရှိသည်။
ရွေးကောက်ပွဲ ကော်မရှင်က ထို သုံးပါတီပိုင် ပစ္စည်းများကို WNP ပိုင် ပစ္စည်းများ အဖြစ် ပြောင်းလဲရေး ဆောင် ရွက်ရန် ညွှန်ကြားထားသော်လည်း စာရင်းပြောင်းလဲရေး ဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း “ဝ” သုံးပါတီပေါင်းစည်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆိုင်းပေါင်းနပ်က ဧရာဝတီသို့ ပြောကြားသည်။
“ကျနော်တို့တော့ အများကြီး အလုပ်ရှိတယ်။ ပါတီရုံးခန်းတွေ ဘယ်မှာ ဖွင့်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် အခုဟာက လူစုလူ ဝေး စုရုံးဖို့ အသွားအလာတို့ ကန့်သတ်ချက် ရှိနေတော့ ဘာမှ သိပ်လုပ်နိုင်ဦးမယ် မဟုတ်ဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမာ္ဘ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာပြီး နောက်တွင် မြန်မာနိုင်ငံ အစိုးရကလည်း လူစုလူဝေးပွဲများကို ဧပြီလ ၃၀ ရက်အထိ မလုပ်ရန် မတ်လ ၁၃ ရက် ထုတ်ပြန် ကြေညာထားသည်။
“ဝ”သုံးပါတီပိုင်ပစ္စည်းများကို“ဝ”အမျိုးသားပါတီ (WNP) ပိုင်အဖြစ် စာရင်းပြောင်းလဲရေး ကိစ္စများကို သုံးပါတီ ခေါင်းဆောင်များ အွန်လိုင်းမှ တဆင့် ဆွေးနွေးနေမှု ရှိသော်လည်း တွင်ကျယ်စွာ ပြောဆိုဆွေးနွေးနိုင်မှု မရှိသေးကြောင်း ဦးဆိုင်းပေါင်းနပ်က ပြောသည်။
“အခုလည်း ကျနော်တို့ အွန်လိုင်းကနေ နည်းနည်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်တာတွေရှိတယ်။ သို့သော် သိပ်အရေးကြီး ပြီး အချေအတင် ဆွေးနွေးရမယ့် ကိစ္စလေးတွေ ရှိလာတယ်ဆိုရင် ဒါက နည်းနည်းခက်တာပေါ့။ မက်ဆင်ဂျာ သုံးပြီးတော့မှ လုပ်ဖို့တော့လည်း ဖုန်းလိုင်းကလည်း တခါတရံ မမှန်ဘူးပေါ့ဗျာ။ ပြတ်တောက်နေတာတွေ ရှိတယ်” ဟု ၎င်းက ပြောဆို သည်။
“ဝ”အမျိုးသားပါတီ (WNP) တည်ထောင်ရေး ဆောင်ရွက်ရမည့် ကိစ္စများကို အသေးစိတ် ညှိနှိုင်းရန် “ဝ” သုံးပါတီ ထိပ်ပိုင်း ခေါင်းဆောင် သုံးဦး ပါဝင်မည့် အစည်းအဝေးကို ဧပြီလ ပထမအပတ်အတွင်း ကျင်းပရန် စီစဉ်နေကြောင်း ဦးဆိုင်းပေါင်းနပ်က ပြောသည်။
“ဒီနေ့ တပါတီတည်းဖြစ်လာတဲ့ အချိန်မှာ ကျနော်တို့ အကျဉ်းချုံးတွေ့ဖို့ စီစဉ်ထားတာပေါ့ဗျာ။ ဒီတပတ် အတောအတွင်း ပေါ့။ ခေါင်းဆောင်၂ ယောက် သုံးယောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်း ဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူလည်း ဖြစ်သည့် ဦးရဲထွန်းကမူ နိုင်ငံ ရေး ပါတီများကို ဖျက်သိမ်းပြီး ပူးပေါင်းကာ ပါတီအသစ်ထောင်ပါက အသစ်တည်ထောင်သည့် ပါတီထံ ဖျက်သိမ်းလိုက် သည့် ပါတီများ၏ ပိုင်ဆိုင်မှု စာရင်းကို လွှဲပြောင်းရေး ဆောင်ရွက်ရပြီး၊ အသစ်တည်ထောင်မည့် ပါတီ၏ ဗဟိုအလုပ်အမှု ဆောင် အဖွဲ့စာရင်းနှင့် ပါတီဝင် အင်အားကို ရွေးကောက်ပွဲ ကော်မရှင်ထံ သတ်မှတ်ရက်အတွင်း တင်ပြရကြောင်း ပြောဆို သည်။
“သူတို့ကို အချိန်ကန့်သတ်ပေးတာ ရှိတယ်။ အဲဒီ အချိန်အကန့်အသတ် အတွင်းမှာ မလုပ်နိုင်ဘူး ဆိုရင်တော့ သူတို့က ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိနှိုင်းရလိမ့်မယ်။ ညှိနှိုင်းပြီးတော့ ရက်တိုးပေးတာမျိုး ဘာမျိုး လုပ်ပေးမှ ရမယ် ထင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မြန်မာနိုင်ငံတွင် လူစုလူဝေး မလုပ်ရန် အစိုးရက ညွှန်ကြားထားသည်ဖြစ်ရာ WNP တည်ထောင်ရေး အတွက် အရေးကြီးကိစ္စများ ဆွေးနွေးမည့် အစည်းအဝေး ဆောင်ရွက်ရပါက တဦးနှင့် တဦး ၆ ပေခန့် ခွာ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် အတိုင်း အစည်းအဝေး ကျင်းပသင့်ကြောင်း ဦးရဲထွန်းက အကြံပြုသည်။
“ဝ” သုံးပါတီ အနေဖြင့် တပါတီတည်း အဖြစ် မပူးပေါင်းဘဲ ရှေ့ဆက်မည်ဆိုပါက ရွေးကောက်ပွဲကာလတွင် မဲ မပေးဟု ဒေသခံ ဝ လူမျိုးများက ပြောဆိုကြသဖြင့် ၃ ပါတီ ပူးပေါင်း၍ “ဝ”အမျိုးသား ပါတီအဖြစ် တည်ထောင်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ပါတီ သုံးခု ပေါင်းစည်းရေး အဖွဲ့ထံမှ သိရသည်။
“ဝ”အမျိုးသားပါတီ အနေဖြင့် ဖွံ့ဖြိုးမှု နောက်ကျနေသော ၀ တိုင်းရင်းသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ တိုးတက်ရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ်ထားပြီး ပါတီ တရားဝင်တည်ထောင်လိုက်ပါက ပါတီဝင်အင်အား သောင်း ဂဏန်းခန့် ရှိမည် ဖြစ်ကာ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ‘ဝ’ လူမျိုးများ နေထိုင်ရာ ဒေသများမှ ရွေးကောက်ပွဲ ဝင် သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား
“ဝ” ၃ ပါတီ ပူးပေါင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားပါတီ တည်ထောင်ရန် ပြင်ဆင်