မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြား ကုသနေသည့် COVID-19 ကူးစက် ရောဂါပိုးရှိသူ နံပါတ် ၄ လူနာအား သုံးကြိမ်မြောက်အဖြစ် မတ်၂ ရက်က ဓာတ်ခွဲ စစ်ဆေးရာတွင် ပိုးမတွေ့ (Negative) ရလဒ် ထွက်ခဲ့ကြောင်း ကန်တော်နဒီ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
ဒေါက်တာ ခင်ကျော်က “သူ့ကို သုံးကြိမ်မြောက် စစ်တာမှာ Negative ထွက်တာပါ။ တကြိမ် Negative ထွက်ပြီး လူနာ တယောက်က အနည်းဆုံး ၂ ကြိမ် ဆက်တိုက် Negative ဖြစ်ဖို့ လိုတယ်။ သူက ကျန်းမာရေး အခြေအနေ အားလုံး ကောင်းပါတယ်။ ပုံမှန်အတိုင်း စစ်ဆေးကုသမှုတွေ လုပ်နေတယ်။ ဆေးရုံ ဆင်းရမယ့် အချက်အလက်တွေ အကုန် ညီ တယ်ဆိုရင် ဆေးရုံ ပေးဆင်းလိုက်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
COVID-19 ကူးစက် ရောဂါ ဖြစ်ပွားသူ တဦးအနေဖြင့် ရောဂါအခြေအနေ သက်သာ ကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရရန် ဓာတ်ခွဲ စစ်ဆေးမှု ရလဒ် အဖြေ နှစ်ကြိမ် ဆက်တိုက် Negative ထွက်ရန် လိုအပ်သည့်အပြင် ၄၈ နာရီ အတွင်း ဖျားနာမှု မရှိခြင်း၊ အဆုတ်၏ ဓာတ်မှန် အဖြေအရ ကောင်းမွန်ခြင်းနှင့် သာမန် လူကောင်းကဲ့သို့ နေထိုင်နိုင်ခြင်း စသည့် အချက်များ ပြည့်စုံမှသာ ဆေးရုံမှ ဆင်းခွင့် ရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်း လူနာအမျိုးသားအား ပထမနှစ်ကြိမ် စစ်ဆေးမှုတွင် Positive (ပိုးရှိ) ရလဒ်ထွက်ပေါ်ခဲ့ပြီး တပတ်ခန့်အတွင်း တတိယ အကြိမ် စစ်ဆေးရာ Negative (ပိုးမတွေ့) ရလဒ် ထွက်ပေါ်ခဲ့သည့် အတွက် စတုတ္ထအကြိမ်မြောက် စစ်ဆေးခြင်းအား ရက်ပိုင်း အတွင်း ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
လူနာအမှတ် ၄ အမျိုးသားသည် အမေရိကန် နိုင်ငံသား ခံယူထားသူ ဖြစ်ပြီး အမေရိကန်နိုင်ငံမှ ထွက်ခွာလာကာ ဒိုဟာ လေဆိပ်မှ တဆင့် ရန်ကုန်မြို့သို့ မတ်လ ၁၉ ရက် ညနေ ၆ နာရှိတွင် ရောက်ရှိလာခဲ့ကာ မတ်လ ၂၀ ရက် တရက်အား ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်တွင် တည်းခိုနေထိုင်ခဲ့သည်။
ယင်းနောက် တောင်ဥက္ကလာပမြို့နယ်မှ မတ် ၂၀ ရက် ည ၁၀ နာရီတွင် ခိုင်မန္တလေး ယာဉ်လိုင်းဖြင့် မန္တလေးသို့ သွားခဲ့ပြီး ၎င်းနေထိုင်ရာ နေအိမ်သို့ ကားဂိတ်မှ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းအနေဖြင့် နေအိမ်ရောက်ရှိပြီးနောက် မတ်လ ၂၂ ရက်တွင် စတင် ဖျားနာခဲ့ပြီး မတ်လ၂၅ ရက်တွင် မန္တလေးပြည်သူ့ ဆေးရုံးကြီး သွားရောက် ပြသရာမှ စောင့်ကြည့်လူနာအဖြစ် ကန်တော်နဒီ ဆေးရုံသို့ ထပ်မံလွှဲပြောင်း ကုသခဲ့ပြီး မတ်လ ၂၆ ရက်၌ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အတည်ပြု တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားသူ ၂၀ ဦး အထိ တွေ့ရှိထားပြီး နှာခေါင်းကင်ဆာရောဂါဖြင့် ဩစတေးလျနိုင်ငံတွင် ဆေးကုသမှု ခံယူကာ စင်္ကာပူနိုင်ငံ၌ ခေတ္တနေထိုင်ကာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည့် မင်္ဂလာ တောင်ညွန့် မြို့နယ်မှ အမှတ် ၅ လူနာမှာ မတ်လ ၂၅ ရက်တွင် ဆေးရုံ စတင်တက်ရောက်ခဲ့ပြီး မတ်လ ၃၁ ရက် မနက် ပိုင်းက ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုဝင်း၍ သွေးဆိပ်တက်ခြင်း၊ COVID-19 ကြောင့် ဖြစ် ပွားသော ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် နှာခေါင်း ကင်ဆာရောဂါအား ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူနေခြင်း တို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ရှင်းလင်း ထုတ်ပြန်ခဲ့သည်။
ကျန်ရှိသည့် COVID-19 ရောဂါ ကူးစက်ခံထားရသူ ၁၉ ဦးထဲမှ တီးတိန် ဆေးရုံမှ ၁ ဦး၊ ကန်တော်နဒီ ဆေးရုံမှ ၁ ဦး၊ နေ ပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှ ၁ ဦး၊ လားရှိုး ပြည်သူ့ ဆေးရုံ (ကျောက်မဲမှ လွှဲပြောင်းလူနာ)မှ ၁ ဦး၊ ဝေဘာဂီ အထူး ကု ဆေးရုံမှ ၉ ဦးနှင့် သတ်မှတ်ဆေးရုံတွင် ကုသမှုခံယူရန် ပြင်ဆင်နေသူ ၄ ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် လျက်ရှိပြီး ဝေဘာဂီ အထူးကုဆေးရုံ၏ လူနာ ၂ ဦးအား အထူးကြပ်မတ်ခန်းတွင် သီးခြားစောင့်ကြည့် ကုသလျက် ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ၂ ရက်ည၌ ထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်-
မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် လူနာ ၁ ဦး သေဆုံး
ကန်တော်နဒီဆေးရုံတွင် သေဆုံးခဲ့သည့် လူနာအမျိုးသမီး ကိုရိုနာဗိုင်းရပ်စ်မရှိ