ဥရောပနိုင်ငံများက အဝတ်အထည် ဝယ်ယူမှု ရပ်ဆိုင်းသွားသဖြင့် ဧရာဝတီတိုင်း ပုသိမ်စက်မှုဇုန်ရှိ Amava Apparel အထည်ချုပ်စက်ရုံ အနေဖြင့် လုပ်သားအင်အား ၃ပုံ ၁ပုံကို လျော့ချခဲ့ရာ အလုပ်သမား ၄၅၃ဦး ယနေ့ အလုပ်မှ ရပ်နားလိုက်ကြောင်းသတင်းရသည်။
“အခုလို အလုပ်သမားတွေ အလုပ်ရပ်နားရတာက COVID – 19 ကြောင့် အဓိကဖြစ်ပါတယ်။ ကျမတို့က ဥရောပနဲ့ တိုက်ရိုက်ဆက်ဆံနေရတာဆိုတော့ အခု ဥရောပမှာက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အခါမှာ အထည်အမှာစာတွေ မရတော့ဘူး။ ဒါကြောင့် အခုလို အလုပ်သမားလျော့ချမှုတွေ ဆောင်ရွက်ရတာ ဖြစ်ပါတယ်”ဟု Amava Apparel အထည်ချုပ်စက်ရုံမှ လူ့စွမ်းအားအရင်းအမြစ် – HR မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က ဧရာဝတီကို ပြောသည်။
Amava Apparel အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၁၂၈၄ ဦးရှိပြီး ယနေ့တွင် နစ်နာကြေးများ ပေးအပ်၍
အလုပ်သမား ပေါင်း ၄၅၃ ဦး အလုပ်ရပ်နားခဲ့ရာ လက်ရှိတွင် စက်ရုံ၌ အလုပ်သမား ၈၃၁ ဦး ဆက်လက်အလုပ် လုပ်ကိုင်လျှက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်တွင် တရုတ်၊ ထိုင်ဝမ်၊ သီရိလင်္ကာစသည့် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီး မြှုပ်နှံတည်ထောင်ထားသည့် အထည်ချုပ်စက်ရုံ ၈ ရုံရှိပြီး ဧရာဝတီတိုင်းအတွင်းမှ အလုပ် သမားပေါင်း ၁၂၀၀၀ ခန့် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပုသိမ်စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ် စက်ရုံသည် အီတလီနိုင်ငံမှ အထည် အမှာများ မလာသဖြင့် အလုပ်သမား ၂၉၀၀နီးပါး လျော့ချခဲ့ပြီးနောက် ယခုအခါ Amava Apparel စက်ရုံမှ အလုပ်သမား ၄၅၃ ဦး ထပ်မံလျော့ချခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းကလည်း ကန်ကြီးထောင့်မြို့ရှိ ဟွာမန်အထည်ချုပ် စက်ရုံသည်လည်း တရုတ်နိုင်ငံမှ ကုန်ကြမ်းများ မရှိသည့်အတွက် အလုပ်သမား ၁၀၀၀ ကို အလုပ်မှ ယာယီရပ်နားကာ စက်ရုံယာယီပိတ်သိမ်းခဲ့ရသည်။
ထို့အတွက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တလတာအတွင်း ဧရာဝတီတိုင်းမှ စက်ရုံလုပ်သားပေါင်း ၄၃၅၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြသည်ဟု ဆိုရမည်။
Amava Apparel စက်ရုံအနေဖြင့် အလုပ်သမားလျော့ချရာတွင် နို့တစ်ကြေး ၁ လစာ၊ အလုပ်ထုတ်နစ်နာကြေး၊
သင်္ကြန်အပိုဆုကြေးနှင့် အလုပ်ဝင်ခဲ့သည့် ကာလတလျှောက် ခွင့်မယူဘဲ အလုပ်ဆင်းခဲ့သည့်နေ့ရက်များအတွက် ခံစားခွင့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
“စက်ချုပ်သူတွေ၊ စာရေးမတွေ၊ Super Visor တွေလည်းပါတယ်။ Cutter သမားတွေလည်းပါတယ်။ စက်ရုံမှာ ရှိတဲ့ Department (ဌာန) အလိုက် လုပ်သက်အနည်းဆုံးလူတွေ လျော့ချတာပါ။ ဒီလိုလျော့ချရာမှာ အလုပ်သမားတွေ ရသင့်တဲ့ ခံစားခွင့်တွေအကုန်လုံး စက်ရုံဘက်က ပေးအပ်တာ တွေ့ရပါတယ်။ ကျမတို့တောင် လုပ်သက်များလို့ ကျန်ခဲ့တာ။ စက်ရုံက ကုန်ကြမ်းကမရ၊ ကုန်ချောကလည်း မှာယူမှုမရှိတော့ အလုပ်က အရင်လိုတော့ မလုပ်ရတော့ဘူူး”ဟု Amava Apparel စက်ရုံလုပ်သားများသမဂ္ဂဥက္ကဋ္ဌ မအိမွန်စိုးက ပြောသည်။
တရုတ်နိုင်ငံ၊ ဟူဝေပြည်နယ်၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID – 19 မှာ လက်ရှိတွင် ဥရောပတိုက်ရှိ အီတလီ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ ဆွဇ်ဇာလန် စသည့် နိုင်ငံများတွင်း ဆိုးရွားစွာဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ အဝတ်အထည်များအဓိက ဝယ်ယူနေသည့် အီတလီနိုင်ငံတွင် ဧပြီလ ၃ ရက်နေ့စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁ သိန်း ၁ သောင်းကျော်ရှိနေပြီး ယင်းတို့အနက် လူပေါင်း ၁ သောင်း ၃ ထောင်ကျော်သေဆုံးကာ ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများဆုံး သေဆုံးသည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။
ထို့ပြင် စပိန်နိုင်ငံတွင်လည်း COVID – 19 ဖြစ်ပွားသူ ၁ သိန်း ၁သောင်းကျော်ရှိနေပြီး လူပေါင်း ၁ သောင်းကျော် သေဆုံးကြောင်း COVID – 19 ရောဂါကို စောင့်ကြည့်သတင်း ထုတ်ပြန်နေသည့် Worldometers.info ဝက်ဆိုဒ်၏ဖော်ပြချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
COVID – 19 ကြောင့် ပုသိမ်စက်မှုဇုန် အလုပ်သမား၂၉၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်
ကန်ကြီးထောင့် အထည်ချုပ်စက်ရုံ ပိတ်၊ လူ ၁၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်
အလုပ်လက်မဲ့ အလုပ်သမားများ အတွက် လူမှုဖူလုံရေး ခံစားခွင့်များ တိုးမြှင့်
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထည်ချုပ် စက်ရုံများ အပ်ထည်အမှာ ကျဆင်းလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
စက်ရုံ ၃ ရုံ ထပ်ပိတ်၊ အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြန်
ရွှေပြည်သာရှိစက်ရုံ ၌အလုပ်ရှင် ထွက်ပြေး၍ လုပ်သား ၄၆၀ ကျော် လစာမရ အခက်တွေ့