သတင်း

ကျောက်တော်မြို့တွင် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွား၊ အရပ်သားများ ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အဝင် ကစ္ဆပနဒီတံတား အနီးတွင် ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့သည့်အတွက် အရပ်သားများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားသည့်အတွက် ပိုက်သည် ရပ်ကွက်မှ အမျိုးသား၂ ဦးနှင့် ကျောက်တော်မြို့ တဖက်ကမ်း ပိန္နဲချောင်း ကျေးရွာမှ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဆိုသည်။

၎င်းက “ဒီနေ့ ညနေ ၄ နာရီ မိနှစ် ၂၀ လောက်ရှိမယ်။ မြို့ဝင် ကစ္ဆပနဒီ တံတားဘက်က ပေါက်ကွဲသံ တခုကြားရတယ်။ အဲဒီနောက်ပိုင်းမှာ ပစ်ခတ်သံတွေ ဆက်တိုက် ကြားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ညနေ ၅ နာရီ အချိန်ခန့်က ကျောက်တော်မြို့ ပေါ်တွင် လုံခြုံရေး ဆောင်ရွက်ပြီး ပြန်လာသော တပ်မတော် စစ်ကြောင်းမှာ ကစ္ဆပနဒီ တံတားအတက်တွင် မသင်္ကာဖွယ် ရာ အထုတ်တခု တွေ့၍ စစ်ဆေးစဉ် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်တခုရှိခဲ့ကြောင်းကိုသာ ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒီနေ့ ညနေ ၅ နာရီလောက်မှာ ကျောက်တော်မြို့မှာ လုံခြုံရေး လုပ်နေတဲ့ စစ်ကြောင်း တ ကြောင်းက မြို့ကနေ အရှေ့ဘက် ကမ်းကို ပြန်လာတယ်။ ကစ္ဆပနဒီတံတားအတက် လမ်းဘေး ဝဲယာမှာ အထုတ်တွေ့ တယ်။ အဲဒီအထုတ်ကို စစ်ဆေးတော့ မိုင်းဖြစ်တာကို တွေ့ရတယ်။ အဲဒီ မိုင်းကို စစ်ဆေးနေစဉ်မှာပဲ ပေါက်ကွဲမှု ဖြစ်တယ်။ တပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူး။ တံတား ပျက်စီမှုလည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဆိုပါ မြို့ဝင် ကစ္ဆပနဒီတံတား အနီးရှိ လမ်းသွား၊ လမ်းလာများနှင့် အနီးဝန်း ကျင် လက်ဖက်ရည်ဆိုင်များတွင် ရှိသည့် မြို့ခံ ၂၃ ဦးကိုလည်း တပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားမှု ရှိသော် လည်း နောက်ပိုင်း၌ ပြန်လည် လွတ်မြောက်လာကြောင်း မြို့ခံများထံက သိရသည်။

ပြီးခဲ့သော ရက်ပိုင်း ဧပြီလ ၁ ရက် ညနေ ၅ နာရီ ဝန်းကျင်ကလည်း ကျောက်တော်မြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်လည်း ကျောက်တော်မြို့ပေါ် လူနေရပ်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သော၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်ကလည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တတိယ တန်းကျောင်သားလေး ၁ ဦး သေဆုံးပြီး မွတ်စလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေ ဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွား

ကျောက်တော်ပစ်ခတ်မှု ၅ ဦးသေ ၊ ၇ ဦး ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading