ရခိုင်ပြည်နယ် တောင်ပိုင်း၊ ဂွမြို့ နယ် အခြေစိုက် တပ်မတော် တပ်ရင်းတခုကို မနေ့က ဧပြီလ ၃ ရက် ညပိုင်းတွင် ရက္ခိုင့် တပ်မတော် (AA) က လာရောက် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်သဖြင့် တိုက်ပွဲ နာရီဝက်နီးပါး ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ကျဆုံးမှု မရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ညက မနေ့က ၇ နာရီခွဲလောက်မှာ ဂွမှာ ရှိတဲ့ တပ်ရင်းတရင်းကို ဘေးကနေပြီးတော့ လာရောက် နှောက်ယှက်ပစ်ခတ်တာ ရှိတယ်။ တပ်ကနေပြီးတော့လည်း ပြန်လည် ပစ်ခတ်ခဲ့တယ်။ ကျနော်တို့ဆီက ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး။ ဒီမနက် လာရောက်ပစ်ခတ်ခဲ့တဲ့နေရာကို လုံခြုံရေးအရ ရှင်းလင်းဆောင်ရွက်နေဆဲပဲ ဖြစ်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသသည် တည်ငြိမ်အေးချမ်းသည့် ဒေသတခု ဖြစ်ပြီး ဂွမြို့နယ်သည်လည်း ရေလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဖြင့် မည်သည့် ပဋိပက္ခမှ မရှိသည့် ရခိုင်တိုင်းရင်းသားအများစု နေထိုင်ပြီး ဧရာဝတီတိုင်းနှင့် ဆက်စပ်နေသည့် နေရာတခု ဖြစ်သည်။
ယင်းတိုက်ပွဲကြောင့် တပ်မတော်ဘက်မှ အဆောက်အဦများလည်း ထိခိုက်မှု မရှိသော်လည်း နောက်ပိုင်းတွင် ရခိုင်တောင်ပိုင်း ဒေသတွင်ပါ လက်နက်ကိုင်တိုက်ပွဲများထဲသို့ ပါဝင်လာအောင် နယ်မြေချဲ့ လာသည့်သဘောဟု သုံးသပ်ကြောင်း၊ AA သည် ရခိုင် တောင်ပိုင်းတွင်လည်း ၎င်းတို့၏ အမာခံများကို မွေးမြူထားပြီး ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“တောင်ကုတ်ဘက်မှာလည်း မိုင်းဖောက်ခွဲခဲ့တာတွေ ရှိတယ်။ ပြီးရင် ကျနော်တို့ ကျောက်ဖြူ လေယာဉ်ကွင်းနားလေးမှာ မိုင်းတွေခဲ့တာတွေ ရှိတယ်။ ကျောက်ဖြူမှာ အတိုင်ပင်ခံရဲ့ ခရီးစဉ်ရှိတုန်းက မနက်ပိုင်းမှာ မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာမျိုး ရှိတယ်။ အောက်ခြေမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ မိုင်းတွေ့ ခဲ့တာတွေ ရှိတယ်။ အဲဒီကတည်းက သူတို့ရဲ့အမာခံတွေက စိမ့်ဝင်ပြီးသား”ဟု ၎င်းက ပြောသည်။
ဂွဒေသလို နေရာမျိုးကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေထိုင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ယခုလို ချောင်းမြောင်း ပစ်ခတ်နိုင်ရန် ပင်လယ်ဘက်မှ စက်လှေများဖြင့် ဝင်ရောက်လာပြီး လက်နက်ငယ်တချို့ ကို သယ်ဆောင်လာနိုင်သည့် အခြေအနေမျိုးရှိကြောင်း တပ်မတော်ဘက်က ပြောသည်။
“သူတို့က မြောက်ဘက်ပိုင်းမှာ ပလက်ဝဘက်မှာက အရေးနိမ့်နေတာကိုး။ ကျနော်တို့ ပြောခဲ့သလိုပဲ။ အခုလို အဖျက်အမှောက် လုပ်ငန်းတွေ နှောင့်ယှက် ပစ်ခတ်တာမျိုးတွေကတော့ ဆက်လက် ဆောင်ရွက်မယ့် သဘောရှိတယ်။ နယ်မြေချဲ့ လာတဲ့ သဘောလို့လည်း ပြောလို့ရတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရက္ခိုင်စစ်တပ် (AA) ကို မတရားအသင်းနှင့် အကြမ်းအဖက် အဖွဲ့အစည်းအဖြစ် မတ်လအတွင်း အစိုးရက ကြေညာခဲ့သည်။
ယခု ဂွဒေသတိုက်ပွဲ သတင်းနှင့် ပတ်သက်၍ AA ဘက်သို့ ဆက်သွယ်မေးမြန်းရန်မှာ ဧရာဝတီ အနေဖြင့် ဥပဒေအရ ဆက်သွယ်ရန် အခက်အခဲ ရှိနေခြင်းကြောင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါ။
လတ်တလော AA နှင့် ဆက်သွယ်မေးမြန်းသော သတင်းစာဆရာများအားလည်း အကြမ်းဖက်ဥပဒေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးနေသည်။
သို့သော် ဂွဒေသခံတချို့ကို ဧရာဝတီက ဆက်သွယ်ကြည့်ရာ ပြီးခဲ့သည့် လပိုင်းကလည်း ဂွမြို့ အနီးရှိ ယင်းတပ်မတော် တပ်ရင်း အနီးတွင် ဒရုန်းယာဉ်များ ပျံဝဲလာသည်ဟုဆိုကာ တပ်မတော်က သေနတ်ဖြင့် ပစ်သည့်အသံများ ကြားခဲ့ဖူးကြောင်း၊ သို့သော် မနေ့က ညပိုင်းကမူ လက်နက်ငယ်၊ လက်နက်အလတ် အသံများပင် ကြားလာရသဖြင့် မြို့လူထုမှာ စိုးရိမ်လျက်ရှိကြောင်း သိရ သည်။
“ဂွဖြစ်စဉ်က ဂွတပ်ရင်းတခုကို AA က ဝင်ပစ်တယ်လို့ ကြားတယ်။ လက်နက်ကြီး ပစ်သံ ၈ ချက်၊ ၉ ချက် ပစ်သံလောက် ကြားရတယ်။ လှမ်းမေးကြည့်တော့ ရန်သူကပ်လာလို့ တပ်က ပစ်တယ်လို့ သိရတယ်။ ထောင်ထားတဲ့မိုင်းကို နင်းမိလို့ ကွဲတော့ ရန်သူကပ်လာပြီဆိုတာ သိလို့ ပစ်တယ်လို့ ပြောကြတယ်”ဟု ဂွဒေသခံ ဦးဝင်းဇော်ထွန်းက ပြောသည်။
၎င်းတို့အနေဖြင့် သေနတ်ပစ်ခတ်သံများကို ည ၈ နာရီဝန်းကျင်တွင် ကြားရပြီ နာရီဝက်၊ တနာရီခန့် ကြာမြင့်ကြောင်း၊ ယင်းဂွမြို့ နယ်ရှိ တပ်မတော် တပ်ရင်းမှာလည်း ဂွမြို့ ထဲတွင် ရှိနေခြင်း ဖြစ်သဖြင့် တိုက်ပွဲနှင့် ပိုနီးကပ်သည်ဟု ထင်ရကြောင်း ဆိုသည်။
ဂွဒေသခံ အခြားတဦးကလည်း “ဂွမြို့ စစ်ဆေးရေးဂိတ်မှာ အနီးမှာ တပ်က ရှိနေတာ။ ဒီဖြစ်စဉ်ကြောင့် ညကတော့ ၈ နာရီလောက် ကတည်းက မြို့ ထဲမှာ ကိုယ့်အိမ်တံခါး ပိတ်နေကြတာပေါ့။ အခုမနက်ကျတော့ မြို့ကတော့ ထွက်လာတဲ့ သတင်းလေးတွေ အပေါ်မှာ သို့လော၊ သို့လော ဖြစ်နေတာပေါ့။ သူထင်တာသူပြော၊ ကိုယ်ထင်တာ ကိုယ်ပြောပေါ့”ဟု ပြောသည်။
ဂွဒေသခံတချို့ကမူ ၎င်းတို့ ဒေသခံ အများစုသည် AA ကို လုံးဝ ထောက်ခံအားပေးခြင်း မရှိသဖြင့် ယခုလို တပ်မတော် တပ်စခန်းကို AA က လာရောက်တိုက်ခိုက်ခြင်းကို မယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
AA သည် တပ်ဖွဲ့ဝင် အင်အား ၁ သောင်း ဝန်းကျင် ရှိလာပြီဟု စစ်ရေးသုံးသပ်သူများက ခန့်မှန်းလာနေကြပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် ခြေကုတ်ယူ၍ ၂၀၁၈ နိုဝင်ဘာလမှ စတင်ပြီး တပ်မတော်နှင့် တိုက်ခိုက်လာသည်။
ထိုအချိန်မှ စတင်ကာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် စစ်ဘေးရှောင်အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများမှာလည်း ထွက်ပြေးနေကြရပြီး ရခိုင်ပြည်နယ် တောင်ပိုင်းတွင်မူ မနေ့က နာရီဝက်နီးပါး ပစ်ခတ်မှု စတင်လာခြင်း ဖြစ်သည်။
အစိုးရက AA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ရရှိရန် စေ့စပ်ညှိနှိုင်းမှုများကို တရုတ်နိုင်ငံ အပါအဝင် ရှမ်းပြည်နယ်တို့တွင် တွေ့ ဆုံမှုများ ရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပါ။
You may also like these stories:
သမ္မတရုံး အကြံပေး ပုဂ္ဂိုလ်သစ်က ရခိုင် ပဋိပက္ခအတွက် ဖြေဆေး တခုလား
AA နှင့် ဆက်သွယ်သည့် သတင်းသမားများကို ဖမ်းဆီးနေမှုအပေါ် သဘောထားအမြင်များ
ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွား