သတင်း

ရောင်းသူနှင့် ဝယ်သူ အကြား ၃ ပေခြားဖို့ ရန်ကုန်စည်ပင် သတ်မှတ်

Want create site? Find Free WordPress Themes and plugins.

COVID-19 ကို ကာကွယ်ရန် ရန်ကုန်ရှိ စည်ပင်သာယာပိုင်ဈေးများ၌ ဝယ်သူနှင့် ရောင်းသူကြား အကွာအဝေးကို အနည်းဆုံး ၃ ပေထားကာ သတ်မှတ် ရေးဆွဲထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ဈေးများဌာန မှ ဒုတိယဌာနမှူး ဦးသောင်းတင်က ပြောသည်။

“အဝိုင်းလေးတွေ ဝိုင်းပေးထားတယ်။ စည်းကမ်းရှိရှိ ဝယ်ကြဖို့ တယောက်နဲ့ တယောက် မကပ်ကြနဲ့။ ဈေးတွေ အားလုံးကို ညွှန်ကြားထားပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ညွှန်ကြားချက်ကို ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်မှ စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန လက်အောက်ရှိ ဈေးပေါင်း ၁၈၄ ဈေးကို ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

YCDC တောင်ပိုင်းခရိုင် ဌာနခွဲမှူး ဦးညွန့်ဟန်က “ဈေးစည်တဲ့ အချိန်တော့ ဝယ်သူလိုက်နာဖို့ လိုပါတယ်။ ကျနော်တို့က လုပ်ပေးထားတယ်ပေါ့လေ။ လူတဦးချင်းနဲ့ ဆိုင်တဲ့အတွက် ဘယ်လောက်ထိ လိုက်နာတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်။ တော်တော်များများတော့ အဝိုင်းလေးထဲမှာ ရပ်ပြီး ဝယ်ကြတယ်။ တချို့လည်း သူ့အခက်အခဲနဲ့သူ တိုးဝှေ့ဝယ်တာတော့ ရှိတာပေါ့” ဟု ဆိုသည်။

ဈေးအချို့တွင် မြေနေရာ အခက်အခဲ၊ ကျဉ်းမြောင်းမှုကြောင့် သတ်မှတ်ချက်အတိုင်း အပြည့်အဝ မလုပ်ပေးနိုင်သည်လည်း ရှိကြောင်း ဈေးများဌာနမှ သိရသည်။

ဦးသောင်းတင်က “တချို့ဈေးတွေမှာကလည်း လမ်းကလည်း ကျဉ်းကျဉ်းလေး၊ တခန်းနဲ့ တခန်းက ရှိတာမှ ၅ ပေ၊ ၄ ပေဆိုတော့ တယောက်နဲ့ တယောက်ကြား ခွာရပ်ဆိုတော့ လူ ၂ ယောက် ဆို ရပ်မရတော့ဘူးလေ။ အားနည်းချက် အားသာချက်တော့ ရှိတာပေါ့” ဟု ရှင်းပြသည်။

ဈေးများတွင် ၃ ပေ အကွာမှ ဝယ်ယူရန် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ကိုယ်တိုင် ဆန္ဒရှိသော်လည်း အခြားတဦးက တွန်းတိုက်ကာ လုယူဝယ်ခြင်းများ ပြုလုပ်တတ်ကြောင်း၊ ၃ ပေ အကွာမှ ဝယ်ယူရမည်ဆိုသည်ကို လူတိုင်း အသိရှိဖို့ လိုအပ်ကြောင်း၊ ဈေးဝယ်စင်တာအချို့တွင်ပင် သတ်မှတ် အမှတ်အသား အတွင်းမှ မဝယ်ဘဲ တိုးကြိတ်ဝယ်ယူမှုများ ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်နေ ဒေါ်သက်ထားအေးက ပြောပြသည်။

မြန်မာနိုင်ငံတွင် COVI-19 ပိုးတွေ့သူ ၂၀ ဦး ရှိပြီး သေဆုံးသူ ၁ ဦး ရှိပြီဖြစ်ရာ အစိုးရက သတိပေး လမ်းညွှန်ချက်များ နေ့စဉ် ထုတ်ပြန်ကြေညာ လုပ်ဆောင်နေသလို တိုင်းဒေသကြီးအလိုက် အာဏာပိုင်များကလည်း လူစုလူဝေး မဖြစ်စေရေး အတွက် ပွဲလမ်းသဘင်များ တားမြစ်ခြင်း၊ နေအိမ်တွင်သာ နေထိုင်ကြရန် ထုတ်ပြန်ကြေညာမှုများ လုပ်ဆောင်နေသည်။

ဆက်စပ်ဖတ်ရှုရန်

မင်္ဂလာတောင်ညွှန့် လက်ကားဈေးကြီးများမှ လူသုံးကုန်နှင့် အထည်ဆိုင်များ ယာယီပိတ်

ရန်ကုန်ဈေးဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းရန် YCDC အသိပေး

ရန်ကုန် YCDC ရုံး ဧည့်ဝင်၊ ထွက်မှုများ ရပ်ဆိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading