ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အခြေစိုက် ၅၅၁ ခြေမြန် တပ်ရင်း၌ တပ်မတော်သားတဦး၏ ဇနီး ကျည်ထိသေဆုံး ခြင်းနှင့် ပတ်သက်၍ အမှန်တရားပေါ်ရန် နိုင်ငံတော်သမ္မတအပါအဝင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ထံသို့ တိုင်ကြားမည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသူမှာ အဆိုပါတပ်ရင်းမှ ဒုတပ်ကြပ် လှမြင့်ဦး၏ ဇနီး မဖြူသိန်းချေ(ခ) မသန်းဝင်း(၂၂နှစ်)ဖြစ်ပြီး၊ ဧပြီ ၂ရက် နံနက် ၁၁ နာရီခန့်က တပ်ရင်းသို့ သွားရောက်ကာ အမျိုးသားဖြစ်သူ၏ လစာအား ထုတ်ယူစဉ် ဦးခေါင်းကျည်ထိကာ သေဆုံး သွားခြင်း ဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးမောင်ထွန်းအေး၏ ပြောဆိုချက်အရ သိရသည်။
ဦးမောင်ထွန်းအေးက “ကျနော့်သမီးလေး သေဆုံးရခြင်းအတွက် တရားမျှတမှု ရအောင် ကျနော် နိုင်ငံတော်အဆင့် လူကြီးတွေကို တိုင်ကြား ပါမယ်။ လစာသွားထုတ်တဲ့ သမီးလေးက ဘာကြောင့် သေရတာလဲ။ ဘယ်သူတွေ ပစ်လို့ သေရတာလဲ။ တရားခံကို ဖော်ထုတ်ပေး စေချင်တယ်။ အခုက ကျနော်တို့ မိဘတွေ ကိုယ့်သမီး အလောင်းကိုတောင် သဂြိုလ်ခွင့် တောင်းလို့ မပေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မဖြူသိန်းချေ (ခ) မသန်းဝင်း မှာ အမျိုးသားဖြစ်သူ ဒုတပ်ကြပ်လှမြင့်ဦး ရှေ့တန်းရောက် နေသည့်အတွက် ဘူးသီးတောင် မြို့နယ် နန်းရာ ကျေးရွာ အုပ်စု ၊ သံခွေကျေးရွာတွင် ရှိသည့် မိဘနှစ်ပါး နေအိမ်တွင် နေထိုင်ပြီး လစဉ် အမျိုးသား ဖြစ်သူ လစာအား တပ်ရင်းထဲသို့ သွားရောက် ထုတ်ယူနေကျ ဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
“ကျနော့်သမီးကို လစာထုတ်ဖို့ ခေါ်သွားတာက လစာကြပ် တပ်ကြပ် ဖိုးဖြူ ဇနီး လှသန်းအေးက ခေါ်သွားလို့ လိုက်သွား တာပါ။ အခု တပ်ထဲမှာ သေဆုံးသွားတာတောင် ကျနော်တို့ကို အကြောင်းမကြားဘူး။ မွတ်စလင် ကျေးရွာတာဝန်ခံ တယောက် ဖုန်းဆက်ပြောမှ သေဆုံးရတာကို သိရတာ။ ကျနော်လည်း ဥပဒေဘောင်အတွင်းက လူတယောက်ပဲ။ အမှန် တရားကို ရဖို့ ဥပဒေ ဘောင်အတွင်းက ပဲ ကျနော် ကြိုးစားသွားမယ် ” ဟု ဦးမောင်ထွန်းအေးက ဆက်လက်ပြောကြား သည်။
သေဆုံးသူ မဖြူသိန်းချေ၏ ဖခင် ဦးမောင်ထွန်းအေးမှာ နန်းရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တယောက်ဖြစ်ကာ သမီး ဖြစ်သူ အလောင်းအား မိသားစုဝင်များ ယူဆောင်သဂြိုလ်ခွင့် ရရန် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့သော်လည်း အကြောင်း မထူးခဲ့ဟု ၎င်းက ရှင်းပြသည်။
သေဆုံးသူ မဖြူသိန်းချေ၏ မိခင် ဒေါ်မလှစိန်ကလည်း “သမီးလေး သေဆုံးတယ်ဆိုတာ သတင်းတွေ ထွက်လာတော့ ကျမတို့က တပ်ရင်းကို လိုက်သွားပါတယ်။ တပ်ရဲ့ ဗိုလ်မှူးကြီးနဲ့ တွေ့တော့ သူကနေ အဒေါ့်သမီး လက်ဝတ် ၊ လက်စား တွေကို အိတ်နဲ့ ထုပ်ပြီး ပေးတယ်။ အဒေါ့်သမီးကို ဘယ်ကို ယူသွားလဲမေး တော့ စစ်ဆေးရုံကို ယူသွားတယ်။ အန်တီ အဲဒီကို လိုက်ပြီးတော့ သွားကြည့်လို့ ပြောတယ်။ သမီးလေးမှာ အသက်ရှိသေး လာမေးတော့ ကျနော်တို့ သူအသက်ရှိလား မရှိလားဆိုတာ ကျနော် မမြင် လိုက်ဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မိသားစုဝင်များက ဘူးသီးတောင်ရှိ တပ်မတော်စစ်ဆေးရုံသို့ သွားရောက်ရာ ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် သေဆုံးနေသည့် မဖြူသိန်းချေ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ၊ အလောင်းလာပို့သည့် တပ်မတော်များအား မည်သည့်အတွက် ကြောင့် သေဆုံးရခြင်းဖြစ်သည်ကို မေးမြန်းခဲ့သော်လည်း သေနတ်တိုက်ရာမှ မတော်တဆ ကျည်ထိမှန်၍ သေဆုံးသွား ခြင်း ဖြစ်သည်ဟု အကြောင်းပြ ကြောင်း မိခင်ဖြစ်သူ ဒေါ်မလှစိန်က ဖြစ်ရပ်ကို ပြောပြသည်။
“ဆေးရုံမှာ အလောင်းလာပို့တဲ့ တပ်မတော်သားတွေကို မေးကြည့်တော့ သေနတ်တိုက်တဲ့အခါ မတော်တဆ ကျည်ထွက် ပြီး မှန်သွားတာလို့ပဲ ပြောတယ်။ အဲဒါက သူတို့ အပြောပဲ ။ ဘာပဲဖြစ်ဖြစ် ကျမတို့က အလောင်းကို မိသားစုဝင်တွေ ယူပြီး သဂြိုလ်ခွင်ပေးဖို့ အမျိုးမျိုးတောင်ပန်ပြီး ပြောတယ်။ သူတို့ လုံးဝမပေးကြဘူး ” ဟု ဒေါ်မလှစိန်က ဆိုသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အဆိုပါ ဖြစ်စဉ်မှာ သတင်းအမှားသာ ဖြစ်ပြီး ဝါဒဖြန့်ခြင်းတခုသာ ဖြစ်ကြောင်းပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “အဲဒီတပ်ရင်းကိုပဲ မေးပြီးပြီ၊ မဟုတ်ဘူး၊ အဲဒီ ဖြစ်စဉ်လည်း မရှိဘူး၊ အဲဒီနာမည်(ဖြူသိန်းချေ ) တော့ရှိတယ်။ အဲဒီလိုမျိုး နာမည်တွေက ပေါပါတယ်။ ရခိုင်နာမည်တွေက ။ အဲဒီသတင်းက အမှားပါဗျ။ ဝါဒဖြန့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မဖြူသိန်းချေ (ခ) မသန်းဝင်း ကျည်ထိ၍ သေဆုံးသည့်အပေါ် ဘူးသီးတောင်မြို့ခံ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဖြစ်စဉ်အား အတည်ပြုသော်လည်း တပ်တွင်း ကိစ္စဖြစ်သည့်အတွက် အသေးစိတ် ဖြစ်ရပ် ကို မသိရှိကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
သေဆုံးသူ မဖြူသိန်းချေ (ခ) မသန်းဝင်၏ ရုပ်အလောင်းအား ယမန်နေ့ ဧပြီလ ၃ ရက်နေ့က ဘူးသီးတောင် သုဿန်၌ တပ် အစီအစဉ်ဖြင့် သဂြိုလ်လိုက်ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။
သေဆုံးသွားသူ မဖြူသိန်းချေတွင် နှစ်နှစ်အရွယ် သမီးလေး ၁ ဦး ကျန်နေခဲ့ပြီး အမျိုးသား ဖြစ်သူ ဒုတပ်ကြပ်လှမြင့်ဦးနှင့် ဖုန်းဖြင့် အဆက် အသွယ် ရသော်လည်း ရှေးတန်းရောက်နေသည့်အတွက် လာခွင့်မရဟု ပြန်အကြောင်းပြန်သည်ဟု သေဆုံးသူ မဖြူသိန်းချေ၏ မိသားစုဝင်များက ပြောပြသည်။
You may also like these stories:
ရခိုင်တောင်ပိုင်း ဂွမြို့ အခြေစိုက် တပ်ရင်းအား AA ပစ်ခတ်ဟု ဆို
သမ္မတရုံး အကြံပေး ပုဂ္ဂိုလ်သစ်က ရခိုင် ပဋိပက္ခအတွက် ဖြေဆေး တခုလား