ပဲခူးတိုင်းပေါက်ခေါင်းမြို့နယ်မှ ကိုဗစ်-၁၉ ကူးစက်ခံရသော မိသားစုပိုင်ဆိုင်သည့် အသက်တနှစ်အရွယ် ခွေးမှာ သတ်ဖြတ်ရန် သတ်မှတ်ခံရပြီးမှ ဆက်သက်ရှင်သန်ခွင့် ရရှိသွားသည်။
မိသားစုဝင်လေးဦးလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံတွင် သီးခြားထားရှိခံနေရသောကြောင့် ဂျက်ကီကို သတ်ပစ်ရတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့သားရင်းမြစ် ဝန်ကြီး ဦးထွန်းထွန်းဦးက ကြာသပတေးနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။
ဝန်ကြီးသည် ဂျာမန်ရှက်ပတ်အမျိုးအစား ခွေးလေးကို အသက်ရှင် ခွင့်ပြုလိုက်ကြောင်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ဧရာဝတီသတင်းဌာနသို့ သောကြာနေ့တွင်ပြောသည်။
မိသားစုကို ဆေးရုံတွင် သီးခြားထားရှိလိုက်သောအခါ ဂျက်ကီသည် အိမ်တွင် တကောင်တည်း ကျန်ရစ်ခဲ့တော့သည်။
ပဲခူးတိုင်း ပြည်မြို့နယ်မှ အနန္တမေတ္တာ ခွေးလေခွေးလွင့် စောင့်ရှောက်ရေး ဂေဟာတည်ထောင်သူ ကို အောင်ကျော်မိုးက ထိုခွေးကို ကြည့်ရှုစောင့်ရှောက်ရန် သူ့ကို ခွင့်ပြုလိုက်ကြောင်း ဧရာဝတီသို့ပြောကြားသည်။
ခွေးကို ၁၄ ရက် သီးခြားထားရန် လှောင်အိမ်စီစဉ်ထားကြောင်းလည်း ပြောသည်။
“ဒီဗိုင်းရပ်က လူကော တိရစာ္ဆန်ကော ကူးလားဆိုတာကို ကျနော်လေ့လာချင်တယ်” ဟု ကို အောင်ကျော်မိုးက ဆိုသည်။
ဂျက်ကီ၏ ပိုင်ရှင်မှာ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သည်။ သူနှင့် သူ၏ အသက် ၁၀ နှစ်အရွယ်သား၊ အသက် ၈ နှစ်အရွယ်သမီးနှင့် အသက် ၁၈ နှစ်အရွယ် တူမတို့သည် သူ၏ အသက် ၄၅ နှစ်အရွယ် ဇနီးထံမှ ဗိုင်းရပ်စ်ကူးစက်ခံရသည်ဟု ယူဆရသည်။ သူ၏ ဇနီးသည် ရန်ကုန်တွင်နေထိုင်သူဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသော ကြာသပတေးနေ့က သိရသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ အစည်းအဝေးတက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးအပါအဝင်လူ ၁၁ ဦးကို ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမခံရသေးဘဲ နေအိမ်တွင် သီးခြားထားရှိစောင့်ကြည့်နေကြောင်း ဦးသက်မင်းဇော်က ပြောသည်။
ထိုအစည်းအဝေးတက်သော အခြားသူ ၉ ဦးကိုလည်း သီးခြားထားရှိစောင့်ကြည့်နေသည်။
You may also like these stories:
နံပါတ် ၄ လူနာ သုံးကြိမ်မြောက်စစ်ရာတွင် ပိုးမတွေ့တော့ဟု ဆေးရုံအုပ်ပြော
ပေါက်ခေါင်းရှိ ပိုးတွေ့လူနာနှင့် တွေ့ခဲ့သူများကို Facility Quarantine ဖြင့် စောင့်ကြည့်
ခွေးသား၊ ကြောင်သားတွေကို စားသုံးခွင့် ပိတ်ပင်တဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့
လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်