ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်း ဆိုသူမှာ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အသုတ်မြို့မ ရဲစခန်းမှ ရဲတပ်သား အောင်မျိုးခန့်မှာ အလုပ်လုပ်ရန်အတွက် တပ်ကြပ်ကြီး ဝင်းမင်းထွန်း (အသက် ၄၂ နှစ်)၏ နေအိမ်လိုင်းခန်းသို့ သွားရောက်ခေါ်ဆောင်ရာ တပ်ကြပ်ကြီး ဝင်းမင်းထွန်းမှာ နေအိမ် လိုင်းခန်းအတွင်း မှောက်လျှက်အနေအထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “သေဆုံးသူက ရဲတပ်ကြပ်ကြီးအဆင့် ဖြစ်ပါတယ်။ ခြောက်လုံးပြူးသေနတ်နဲ့ မိမိကိုယ်ကို ပစ်ခတ်ပြီး သေဆုံးခဲ့တာပါ။ ရဲတပ်ကြပ်ကြီး သေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးတာဟုတ်မဟုတ် ဆက်လက် စစ်ဆေး ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်း၏ အလောင်းကို အသုတ်မြို့မစခန်းမှူး ရဲအုပ် တင်မောင်လွင်မှ စစ်ဆေးခဲ့ရာ ပါးစပ်မှ ဝဲဘက်နားအနောက်ဘက်သို့ ပေါက်ထွက်ဒဏ်ရာတွေ့ရှိရပြီး အလောင်း၏ ခြေရင်းဘက် ၁ ပေခန့် အကွာတွင် ၃၈ ဗို့ ခြောက်လုံးသေနတ်တလက် တွေ့ရှိရသည့်အတွက် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။
သေဆုံးသူ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်းမှာ ယခင်က စစ်ကိုင်းမြို့ အခြေစိုက် အမှတ် (၃) ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လကစတင်၍ အသုတ်မြို့မရဲစခန်းသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး လူမှုရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ ပြဿ မရှိကြောင်း အသုတ်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ရေကြည်ဒေသခံ ကိုဇော်သစ်ဦး က “အဲဒီရဲတပ်ကြပ်ကြီးက အသုတ်မြို့ရဲစခန်း လိုင်းခန်းမှာ တယောက်ထဲ နေတာ။ သူ့မိသားစုက တခြား နေရာမှာ။ သူအခုလို ကွယ်လွန်သွားတော့ သူ့နာရေးကို အသုတ်မြို့စခန်းကပဲ တာဝန်ယူလုပ်ပေးထားတယ်”ဟု ပြောသည်။
ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်း၏ အလောင်းကို ရဲတပ်ဖွဲ့က ဆေးရုံသို့ပို့ဆောင်၍ ရင်ခွဲစစ်ဆေးပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးရန် အသုတ်မြို့စခန်းမှူး ရဲအုပ် တင်မောင်လွင်မှ တရားလိုပြုလုပ်၍ သေမှု သေခင်းဖွင့်လှစ်ကာ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါးရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် စောလှဌေးမှာ လင်မယားချင်း စကားများ ပြီးနောက် သေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်၍ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးနယ်မြေ ရဲစခန်းတွင် ယာယီစခန်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် လှိုင်ဝင်းမှာ ၎င်းကိုယ်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ဖြင့် မိမိကိုယ်ကို သေနတ်နှင့် ပတ်ခတ်၍အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက် နေ့တွင်လည်း ပန်းတနော်မြို့နယ်၊ ဘုရားချောင်းနယ်မြေရဲကင်းမှူး ဒုရဲအုပ် ကောင်းမြတ်သူမှာလည်း မိမိကိုယ်ကို ခြောက်လုံးပြူးသေနတ်ဖြင့်ပစ်၍ သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။