သတင်း

သက်ထားသူဇာ ဝင်ပြိုင်မည့် အိုလံပစ်ပြိုင်ပွဲ COVID-19 ကြောင့် တနှစ်နောက်ဆုတ်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်း ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုကျို အိုလံပစ် ပြိုင်ပွဲ တနှစ်နောက်ဆုတ်လိုက်ကြောင်း သတင်းရရှိသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် ၃၂ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်တွင် ကျင်းပမည်ဟု ဆိုထားသော်လည်း ဧပြီလ ၁ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးသည် တိုကျိုအိုလံပစ်ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် တွေ့ဆုံအပြီး ၂၀၂၁ ခုနစ်၊ ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၂၄ ရက်အတွင်း ကျင်းပမည်ဟု ထုတ်ပြန်လိုက်သည်။

ဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားလာမှုကြောင့်နှင့် ထိုဗိုင်းရပ်စ်ကြောင့် အခြားနိုင်ငံမှ အားကစားများ ဂျပန်နိုင်ငံတွင် လာရောက် ကစားရန် ငြင်းဆန်မှုများရှိနေကြောင့် ယခုကဲ့သို့ နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ အိုလံပစ်ပြိုင်ပွဲ နောက်ဆုတ်သွားရခြင်းက မြန်မာ့အားကစားသမားများအပေါ် ရိုက်ခတ်မှု ရှိခဲ့သည်။

အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရေးအတွက် နိုင်ငံတကာပြိုင်ပွဲများသို့ ဝင်ရောက်ကာ အမှတ်ရယူနေသည့် မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာက “သက်ရောက်မှုတော့ရှိတာပေါ့။ အဓိကက rankings ပေါ့။ BWF က ယခုလက်ရှိ အမှတ်အတိုင်းကောက်မယ်ဆိုရင် ဝင်နေပြီ။ အိုလံပစ်က ၃၄ ယောက်ကောက်တာ ညီမက ၂၇ ဆိုတော့ အခုအနေအထားက အိုလံပစ်ဝင်နေပြီလို့ ပြောလို့ရတယ်။ ဒီလိုမဟုတ်ပဲ နောက်နှစ်ရမှတ်ကို ကောက်မယ်ဆိုရင်တော့ စိုးရိမ်စရာရှိတယ်” ဟု ပြောသည်။

အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ကို ယခုနှစ် ဧပြီလကုန်တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က သတ်မှတ်ပေးမည် ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ကမ္ဘာအဆင့် (World rankings) ၁မှ ၁၆ နေရာအတွင်းဝင်ရောက်သူများက တနိုင်ငံလျှင် နှစ်ဦးဝင်ခွင့်ပေးမည်ဖြစ်ကာ အဆင့် ၁၇ မှ ၁ဝဝ အတွင်း ကစားသမားများက တနိုင်ငံလျှင် တဦးသာ ဝင်ခွင့်ပေးမည်ဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က သတ်မှတ်ထားသည့် World rankings ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၅၇ တွင် ရှိနေပြီး အမှတ်ပေါင်း ၂၄၂၀၀ ရရှိထားဖြစ်သည်။ သူသည် ပြိုင်ပွဲပေါင်း ၁၀၂ ပွဲဝင်ရောက်ယှဉ်ပြိုင်ထားပြီး ၇၇ ပွဲနိုင်ကာ ၂၅ ပွဲရှုံးထားသည်။

ဂျပန်ဝန်ကြီးချုပ်က ပြိုင်ပွဲကို ခဏရပ်လိုက်သည့်အတွက်ကြောင့် အိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီက အားကစားသမားများအားလုံးကို တိုကျို ၂၀၂၀ အတွက် သတ်မှတ်ပေးထားသည့် အမှတ်များ၊ အဆင့်များ အတိုင်း ပြင်ဆင်ထပ်တိုးခြင်းမရှိပဲ ဧပြီလသတ်မှတ်သည့်အတိုင်းသွားမည်ဟု ပြောဆိုထားသည်။

ထို့အပြင် သက်ထားသူဇာက အိုလံပစ်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ၌ ရပ်တည်နေသည့် အတွက် အိုလံပစ်ဝင်ခွင့်ရရန် အခွင့်အရေးကောင်းများ ရှိနေသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ တွဲဘက် အထွေထွေ အတွင်းရေးမှူးဟောင်း ဦးခင်မောင်လွင် က “ကြက်တောင် က အိုလံပစ်အားကစားပြိုင်ပွဲမှာ ကျနော်သိသလောက်ဆိုရင် တခါမှ မပြိုင်ဖူးသေးဘူး။ ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀၆ နိုင်ငံမှာ ဆုရတဲ့နိုင်ငံက ၉၀ လောက်ပဲရှိတယ်။ မြန်မာကတော့ လက်ရှိအထိ ဆုတခုမှ မရဖူးသေးဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဉာဏ်လွင်ကလည်း အိုလံပစ်ပြိုင်ပွဲနောက်ဆုတ် သွားရခြင်းကြောင့် ထိခိုက်မှုက တဦးနှင့်တဦး မတူညီနိုင်ပါဟု ဆိုသည်။

၎င်းက “ဥပမာ မိန်းကလေးထဲမှာဆိုရင် တိုင်ပေက (တိုင်ပေကိုယ်စားပြု ကစားသမား) ခိုင်စုယဉ်တို့ဆိုရင် ဒီပွဲက သူရဲ့နောက်ဆုံး ပြိုင်ပွဲဖြစ်မယ် ဆိုရင် တနှစ် ဆုတ်လိုက်တာကြောင့် သူ့အတွက် နစ်နာမှုတွေရှိတာပေါ့။ တချို့ကစားသမားကျတော့ တနှစ်နောက် ဆုတ်သွားတဲ့ အတွက် ပြင်ဆင်ချိန် တနှစ်ပိုရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ကမ္ဘာတဝှမ်း၌ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေသည့်အတွက် မြန်မာအစိုးရက လူစုလူဝေးမလုပ်ရ၊ ပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုရဟု တားမြစ် ထားသည့်အတွက် ကြက်တောင်လေကျင့်ရေးကွင်းများလည်း ပိတ်ထားရခြင်းကြောင့် သက်ထားသူဇာ အနေဖြင့် လက်ရည်ကျမသွားစေရန် ပျဉ်းမနားတွင် သွားရောက်နေ ထိုင်ကာ ပုံမှန်လေ့ကျင့်မှုများကို ပြုလုပ်လျှက်ရှိသည်။

၃၂ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲကို လေးနှစ်တကြိမ်ကျင်းပလေ့ရှိရာ နိုင်ငံပေါင်း ၂၀၆ နိုင်ငံမှ အားကစားသမား ပေါင်း ၁၁၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ၁၉၄၈ ခုနစ်၊ အင်္ဂလန်နိုင်ငံတွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲမှ စပြီး မြန်မာနိုင်ငံမှ အားကစားသမား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မြန်မာနိုင်ငံမှ အိုလံပစ်ပြိုင်ပွဲသို့ မျှားပစ်၊ ပြေးခုန်ပစ်နှင့် သေနတ်ပစ်မှ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဦးခင်မောင်လွင်က “အခုတော့ အိုလံပစ်အားကစားသမိုင်းမှာ ကပ်ဘေးရောဂါကြောင့် ရွှေ့လိုက်ရတာ ဒါပထမဆုံးအကြိမ်ပါ။ ဟို ၃ ကြိမ်က ကမ္ဘာစစ်ကြောင့် မလုပ်ဖြစ်ခဲ့တာပေါ့” ဟု ပြောသည်။

၄ နှစ်တကြိမ်ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲသည် ၁၉၁၆ ခုနစ်၊ (၆)ကြိမ်မြောက်အားကစားပြိုင်ပွဲ ကျင်းပရန် ပြင်ဆင်ထားသောလည်း ပထမကမ္ဘာစစ်ကြောင့် မကျင်းပခဲ့နိုင်သလို  ၁၉၄၀ နှင့် ၁၉၄၄ ခုနစ်တွင်လည်း ဒုတိယကမ္ဘာ့စစ်ကြောင့် အိုလံပစ်ပွဲမကျင်းပနိုင်ခဲ့ပါဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိုလံပစ်ပြိုင်ပွဲနောက်ဆုတ် သွားရခြင်းကြောင့် ပြိုင်ပွဲပြင်ဆင်စရိတ်၊ အိုလံပစ်ပြိုင်ပွဲကို လာရောက်ကြမည့် နိုင်ငံခြားသားဧည့်သည် tourism ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၄၁.၅ ဘီလီယံ ခန့်ရှိကြောင်း ၂၀၂၀ တိုကျိုအိုလံပစ်ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ထို့အပြင် အိုလံပစ်ပြိုင်ပွဲကျင်းပမည့် အဆောက်အဦးထိန်းသိမ်းခက တနှစ်ကို အမေရိကန်ဒေါ်လာ ၅.၈ဘီလီယံ ခန့် ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading