နေပြည်တော်မှ အခြားမြို့များသို့ ထွက်ခွာပြေးဆွဲမည့် အဝေးယာဉ်လိုင်း၃၀ကျော် မနက်ဖြန် ဧပြီလ ၆ ရက် နေ့မှ စတင်ကာ ရပ်နားထားတော့မည်ဖြစ်ကြောင်း နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ (အဝေးပြေး) ဒုတိယဌာနမှူး ဦးအောင်ကျော်နိုင်က ဧရာဝတီသို့ပြောသည်။
ယနေ့ထိ အဝေးပြေး ယာဉ်လိုင်း ပြေးဆွဲမှု ထက်ဝက်ခန့် ရပ်နား နေရပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ထုတ်ပြန်လိုက်သည့် ကားသွားလာခွင့် ကန့်သတ်ခြင်း၊ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အစိုးရ ဝန်ထမ်းများ ခရီးသွားလာခွင့် ကန့်သတ်ခြင်းအခြေအနေများကြောင့် ရပ်နားရခြင်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်ကျော်နိုင်က“မနက်ဖြန်ဆိုရင်တော့ အကုန်လောက်နားဖို့ သူတို့စီစဉ်ထားတယ်။ အထက်ဘက် ကို သွားမယ်ဆိုရင် မန္တလေးကိုဖြတ်ရမှာ စစ်ကိုင်းရှိမယ်၊ တောင်ကြီး၊ ကချင်ပြည်နယ်ရှိမယ်၊ တောင်ကြီး ကတဆင့် သွားမယ့် လွိုင်ကော်တို့ဘာတို့ရှိမယ်၊ ရှမ်းမြောက်ဘက်ကိုရှိမယ်။ အဲဒီလိုင်းတွေကတော့ အကုန်လုံး မနက်ဖြန်ပြီးပြီရင် ပြီးပြီပေါ့လေ”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကုန်တင်ကားမှအပ ခရီသည်ယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်၊ အပန်း ဖြေ ခရီးယာဉ်နှင့် အိမ်စီးကားများကို မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဧပြီ ၆ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ဖြတ်သန်းခွင့်မပြုရန် အမိန့်ထုတ်တားမြစ်ထားသည်။
ထိုသို့အဝေးပြေးယာဉ်လိုင်းများရပ်နားမှုများကြောင့် ကြိုတင် လက်မှတ် ရောင်းချထားမှုများနှင့် ပတ်သက်၍ အချို့ယာဉ်လိုင်းများက ပိုက်ဆံပြန်အမ်းခြင်း၊ အချို့ယာဉ်လိုင်းများကမူ ပိုက်ဆံပြန်မအမ်းဘဲ ၂၀၂၀ နှစ်ကုန်အထိ အဆင်ပြေသည့် အချိန်တွင် ထိုလက်မှတ်များ ပြန်လည်အသုံးပြုစီးနင်းခွင့် ပေးခြင်း နည်းဖြင့် ဖြေရှင်းနေ ကြကြောင်း သိရသည်။
JJ Express လုပ်ငန်းရှင် ဦးမြင့်ဦးက “ခက်တာတော့ ခက်သွားပြီပေါ့၊ ဘယ်လိုတတ်နိုင်မှာတုန်း။ အားလုံး အများနဲ့ဖြစ်တဲ့ ကိစ္စဆိုတော့လည်း နားထောင်ရမှာပေါ့။ ဘာမှမှမမြင်ရတာ ကမာ္ဘနဲ့အနှံ့ ဖြစ်နေတော့ တတ် နိုင်တာကတော့ ကြိုတင်ကာကွယ်တာကတော့ ပိုကောင်းပါတယ်။ နံပါတ် ၁ ကတော့ ခရီးသည်တွေ မနစ် နာအောင် အရင်ဆုံး ကြိုးစားကြတာပေါ့။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးတော့ ဖြေရှင်းပေးထား ပါတယ်”ဟု ပြောသည်။
၎င်းတို့ ယာဉ်လိုင်းမှ ပြေးဆွဲသည့် အဝေးပြေးကားများကိုလည်း ဧပြီ ၆ ရက်နေ့ မနက်ပိုင်း ခရီးစဉ်များပြီးလျှင် ယာဉ်လိုင်းပြေးဆွဲသွားမှုများကို ရပ်နားတော့မည်ဖြစ်ပြီး မည်သည့်အချိန်ကာလအထိ ရပ်နားရမည် ကိုမူ မသိ ရှိသေးကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက်သွား မည်ဟု ဦးမြင့်ဦးက ဆက်ပြောသည်။
ပုံမှန်အချိန်တွင် နေပြည်တော်မှ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ စုစုပေါင်း ၅၁ မြို့သို့ အဝေးပြေးယာဉ်လိုင်းများပြေးဆွဲနေပြီး ယာဉ်လိုင်းများ ၁၀၀ ခန့်ရှိကြောင်း နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး)က ပြောသည်။
ယခုအခါ သင်္ကြန်ရုံးပိတ်ရက်ကာလများအတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင် အစိုးရဝန်ထမ်းများ ခရီးမသွားကြရန် နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၄ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် သင်္ကြန်ကာလမှာ အစိုးရ ရုံးပိတ်ရက်ရှည်ကာလဖြစ်ပြီး တနိုင်ငံလုံးရှိ အစိုးရ ဝန်ထမ်း များ အပါအဝင် ပြည်တွင်း၊ ပြည်ပ ရွေ့ပြောင်းလုပ်သားများ၊ နေ့ရပ်စွန့်ခွာ၍ နယ်မြေရပ်ခြားတွင် အလုပ် လုပ် ကိုင်နေရသူများမှာ မိမိနေထိုင်ရာရပ်ရွာများသို ပြန်ကာ အနားယူကြချိန်လည်း ဖြစ်သည်။
ပြည်မြို့မှ ရန်ကုန်သို့ သွားရောက်အလုပ်လုပ်ကိုင်နေသူ မဝတ်ရည်ထွန်းက “ဒီနှစ်တော့ မပြန်ဖြစ်တော့ဘူး။ ကားလက်မှတ်ကြောင့်တော့ မဟုတ်ဘူး။ ကိုယ့်မှာ ပိုးရှိနေရင် ကိုယ်မိသားစုကို ကူးမှာလည်း ကြောက် တယ်။ နောက်တခုက ပြန်သွားခါမှ ရန်ကုန်ကပြန်လာလို့ ၁၄ ရက်စောင့် ကြည့်မယ်ဆိုရင်လည်း ဘာမှမထူးဘူးလေ၊ မပြန်ဖြစ်တော့ဘူး”ဟု ပြောသည်။
အစိုးရကလည်း COVID-19 ရောဂါပြန့်ပွားရေးတွက် သင်္ကြန်ကာလအတွင်း လူစုဝေးများကို ရှောင် ကြဉ်ရန် မဏ္ဍပ်ကြီးများ ဆောက်လုပ် ရေကစားခြင်းများ မပြုလုပ်ရန်နှင့် လူစုလူဝေးများဖြစ်စေသ ည့် ဘာသာရေးပွဲများ လည်း မလုပ်ရန် တားမြစ်ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့တွေ မတွေ့မကြုံရဘူးတဲ့ သင်္ကြန်မျိုးကို ဖြတ်ကျော် ရပါမယ်။ လူစုလူဝေးကို လုံး၀ရှောင်ရမယ့်သင်္ကြန်ပါ”ဟု သင်္ကြန်ကာလအတွင်း လူစုလူဝေးများ မလုပ်ကြရန် ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၄ ရက်နေ့ ည ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ ရှိသူ ၂၁ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိသွားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
COVID-19 ရောဂါသည် ကမ္ကာပေါ်ရှိ နိုင်ငံအားလုံးနီးပါးသို့ ကူးစက်ပြန့်ပွားလျှက်ရှိပြီး ကမ္ကာနှင့်အဝှမ်းတွင် ကူးစက်ခံရသူ ၁၂ သိန်းကျော်၊ သေဆုံးသူ ၆ သောင်း ၄ ထောင်ကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။