သတင်း

ညွှန်ကြားချက်မရှိဘဲ လမ်းနေရာ ပိတ်ဆို့တားဆီးမှုမလုပ်ရန် ရန်ကုန်တိုင်းအစိုးရ အမိန့်ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါ နှင့် ပတ်သက်၍ တိုင်းအစိုးရအဖွဲ့၏ ညွန်ကြားချက်မရှိဘဲ မိမိတို့၏ အစီအစဉ်ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် နေရာအလိုက်၊ အပိုင်းအလိုက် ပိတ်ဆို့ခြင်းများ၊ ကန့်သတ်တားဆီးခြင်းများ မပြုလုပ်ကြရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ဧပြီ ၂ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ညွှန်ကြားချက် မရှိဘဲ မြို့နယ်အချို့တွင် နေရာအလိုက်၊ အပိုင်းအလိုက် ပိတ်ဆို့ခြင်းများ၊ ကန့်သတ်တားဆီးများ လုပ်ဆောင်နေကြလျက်ရှိနေကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်/ရပ်ကွက်များ အနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးခြင်းများ စနစ်တကျပြုလုပ် ဆောင်ရွက်နိုင်သော်လည်း အများပြည်သူ အကြပ်အတည်းဖြစ်စေမည့် ဆောင်ရွက်ချက် များကို ရှောင်ရှားရမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ဆိုသည်။

စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် က “ကျနော်တို့မြို့နယ် ဒါတွေမျိုးလုပ်တာတွေ မရှိပါဘူး။ ဒါမျိုးတွေ ဖြစ်လာမယ်ဆိုရင်လည်း အဖြစ်ခံမှာ မဟုတ်ပါဘူး။ အစိုးရ အိမ်ထဲမှာပဲ နေဖို့ ညွှန်ကြားတဲ့ သင်္ကြန်ကာလမှာလည်း မဖြစ်မနေ ထွက်ဖို့ လိုတဲ့ ကိစ္စတွေမှာ မိသားစုထဲက အနည်းဆုံး တဦးထွက်ပေါ့။ ဈေးတွေ ဆေးဆိုင်တွေတို့ မဖြစ်မနေဆိုင်တွေလည်း မပိတ်ပါဘူး” ဟု ဆိုသည်။

ယင်းအပြင် သင်္ကြန်ပိတ်ရက်များအတွင်း ရပ်ကွက်ပြည်သူများ လိုအပ်မည့် အကူအညီများ ပေးနိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းများကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကျန်းမာရေးကိစ္စ နှင့် အစားအသောက်ဝယ်ယူခြင်းမှ လွဲ၍ အပြင်ထွက်ခြင်း မပြုကြရန် တိုင်းအစိုးရအဖွဲ့ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက် သတင်း ပေါ်ထွက်လာပြီးနောက် မြို့နယ်တချို့တွင် ထိုရက်များအတွင်း၌ လမ်းများသို့ ကားအဝင် အထွက်များ ကန့်သတ်ခြင်း နှင့် နေအိမ်အတွင်းမှ အပြင်လုံးဝ မထွက်ဘဲ တခုခုလိုအပ်ပါက အုပ်ချုပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားကြရန် ပြောဆိုမှုများရှိသည်ဟု ကြားသိရကြောင်း သာကေတ နှင့် ဗဟန်းမြို့နယ်တို့တွင် နေထိုင်သူ အချို့က ပြောကြသည်။

သာကေတမြို့နယ် မြေနီလမ်းအနီးတွင် နေထိုင်သူတဦးက “၁၀ ရက်နေ့ဆိုရင် လမ်းထဲကို အပြင်က ကားတွေ ပေးမဝင်တော့ဘူး ကြားလို့ ကျနော်နယ်ပြန်ဖို့ ကိစ္စကို ၉ ရက်နေ့ကို ရွှေ့လိုက်ရတယ်” ဟု ဧရာဝတီ သို့ ပြောသည်။

သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း က “ဒီကိစ္စက ထွေအုပ်တွေကိုပဲ ညွှန်ကြားချက်က တိုက်ရိုက်ထွက်တာဆိုတော့ ဒီညွှန်ကြားချက်အတိုင်းပဲ ကျမတို့လည်း သိရတာပေါ့။ ဒီလို လမ်းပိတ်ပါတယ်ဆိုတဲ့ ကိစ္စမျိုးတွေလည်း ပြည်သူတဦး တယောက်ကမှ လာပြောတာလည်း မရှိသေးပါဘူး” ဟု ပြောသည်။

လက်ရှိအချိန်တွင် ထုတ်ပြန်ထားသော အမိန့်များသည် နေအိမ်အတွင်းမှ လုံးဝ အပြင်မထွက်ရဆိုသည့် ကိစ္စရပ်များ မပါဝင်ကြောင်း မိမိ မိသားစုအတွက် လိုအပ်သည့် ကိစ္စများကို လွတ်လွတ်လပ်လပ်အပြင်ထွက်ဝယ်ခွင့် ရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

You may also like these stories:

အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို

အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်

လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်

Did you find apk for android? You can find new Free Android Games and apps.
Loading