COVID-19 ကပ်ရောဂါကြီး ကြုံနေရချိန်တွင် လူအများလိုအပ်သည့် ကျန်းမာရေးသုံး အကာအကွယ် ပစ္စည်းများကို ဈေးတင်ရောင်းနေသူများကိုသည်းမခံပဲ ဥပဒေအရ အရေးယူမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါပိုးကာကွယ်ရန် အများပြည်သူအတွက် လိုအပ်သည့် နှာခေါင်းစည်း (Mask) များ ၊ ပိုးသတ်ဆေးများကို ဈေးတင်ရောင်းနေကြသူများအား ပြောဆိုခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းဆေးရုံမှ ဒေါက်တာ အေးငြိမ်း၊ ကားလုပ်ငန်းပိုင်ရှင် ဦးမြင့်အောင်၊ အုပ်ချုပ်ရေးမှူး ဦးကျော်သူတို့ဖြင့် အွန်လိုင်းမှ အပြန်အလှန် ဆွေးနွေးခြင်း အစီအစဉ် ပြုလုပ်ရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဆွေးနွေးမှုတွင် ဒေါက်တာအေးငြိမ်းက ပဲခူးတိုင်းဒေသကြီးအတွင်း အများပြည်သူသည် နှာခေါင်းစည်း (Mask) များ လုံလောက်စွာ ဝယ်ယူနိုင်ခြင်း မရှိကြပါဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေဒုက္ခရောက် နေတဲ့ အချိန်မှာ အဆမတန် ဈေးတင်ပြီး ရောင်း တယ်ဆိုတာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စပါ။ ဒီဟာက ဥပဒေနဲ့လည်း မကိုက်ညီဘူး။ ဥပဒေအရလည်း ကျမ တို့ အရေးယူလို့ ရတယ်။ ဒီလိုဟာမျိုးတွေ မလုပ်ရဘူးဆိုတာ ဥပဒေ ထုတ်ထားတယ်။ ကျမတို့ သိလို့ ရှိရင်လည်း အရေးယူမယ်” ဟု ပြောသည်။
Mask များကို ဈေးတင်ရောင်းသည်မှာ ပြည်သူလူထု၏ အသက်ကို ကစားနေသည့် သဘောဖြစ်ပြီး နိုင်ငံတွင်း မိမိနိုင်ငံ၊ မိမိပြည်သူလူထုများ ဒုက္ခရောက်နေသည်ကို ကိုယ်ကျိုးအတွက် အကျိုးအမြတ် ထုတ်သည်မှာ သည်းမခံနိုင်ပါဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါက်တာအေးငြိမ်း က “မတန်တဆ ဈေးတွေနဲ့ ဝယ်နေရတာ တခု ၅၀ လောက်ပဲ ရှိတာကို ၅၀၀ ၊ ၁၀၀၀ ပေးတာတောင် ကွာလတီကောင်းတာ မရဘူး” ဟု ပြောသည်။
COVID-19 ကာကွယ်ရန်အတွက် အပြင်သွားလာရာတွင် တပ်ရန် Mask များ ဈေးအဆမတန် ရောင်းချ နေသည့်အပြင် ပဲခူးတိုင်းဒေသကြီး ၊ ပေါက်ခေါင်းမြို့နယ်အတွင်း ရောဂါပိုး ကူးစက်ခံရသူ ၄ ဦး တွေ့သည့် ဧပြီ ၂ ရက်ကလည်း လူနာများကို ပြည်ဆေးရုံသို့ ပို့ရန်စီစဉ်ကြရာ ပြည်မြို့က လူထုက အကြောက်လွန်ပြီး မြို့ကို ပိတ်ဆို့ခြင်းများ ပြုလုပ်သည်ကိုလည်း ဒေါက်တာအေးငြိမ်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုများအနေဖြင့် ကပ်ရောဂါကြီး ပြီးသွားပါကလည်း မိမိပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်းမှ လူထုဖြင့် ရှေ့ဆက် သွားရမည် ဖြစ်သဖြင့် ဒုက္ခရောက်နေချိန်တွင် ဝိုင်းဝန်းကူညီကြရန် ပြောသည်။
ပေါက်ခေါင်းမြို့နယ်တွင် လူထုမှာ အကြောက်လွန်ပြီး COVID-19 မဟုတ်သည့် အခြားရောဂါများ ပြရန်အတွက် ပေါက်ခေါင်းဆေးရုံသို့ မလာတော့ခြင်း၊ ဆေးရုံကားများ ပြင်ဆင်ရန် လိုအပ်ပါကလည်း ကားလုပ်ငန်းလုပ်သူများက ရောဂါကူးမည်ကို စိုးရိမ်သဖြင့် ပြင်ဆင်ပေးရန် ငြင်းဆိုခြင်းများလည်း ကြုံရပါသည်ဟု ဒေါက်တာအေးငြိမ်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ကားများကို ပိုးသတ်ဆေးဖြန်းရန် ပြောဆိုပြီး ဆွေးနွေးမှုတွင် ပါဝင်သည့် ကားလုပ်ငန်းပိုင်ရှင် ဦးမြင့်အောင်ကို ပိုးသတ်ဆေးများလည်း ဈေးတတ်ခြင်းရှိမရှိ မေးမြန်းရာ ၎င်းက မသိရှိပါဟု ဖြေဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် က “တကယ်လို့ ဈေးတင်တာ ရောင်းနေတာ ရှိရင် မလုပ်ပါနဲ့ ။ ဒီလို အချိန်အခါမှာ အကျိုအမြတ် ထုတ်ရတာ ဘာအရသာများ ရှိလို့လဲ။ ဒါဟာ အင်မတန်မှ ယုတ်မာတဲ့ အလုပ်တခုပဲ လို့ ပြောရမှာပဲ။ အများက လိုအပ်ချက်ရှိတဲ့ အချိန်မှာ ဒီဟာကို ကိုယ့်အကျိုးအမြတ်အတွက် အသုံးချတယ် ဆိုတာ မလုပ်သင့် မလုပ်ထိုက် တဲ့ကိစ္စပဲ။ မလုပ်ပါနဲ့” ဟု ပြောသည်။
ဒုက္ခရောက်နေချိန်တွင် ကိုယ်ကျိုးအတွက် အမြတ်တင်ရောင်းထားသူများက ကပ်ရောဂါကြီး ပြီးသွားချိန်၊ ဆက်ရှင်သန်ရမည့်အချိန်တွင် ပတ်ဝန်းကျင်တွင် ပြည်သူလူထုမျက်နှာကို မည်သို့ ဆက်ကြည့်ပြီး မည်သို့ရှင်သန်သွားမည်လဲ ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်သည်။
ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရောဂါကြီးကို နိုင်အောင် တိုက်ခိုက် နေရသည့် စစ်ပွဲကြီးတွင် ပြည်သူအချင်းချင်း ထိခိုက်စေမည့် ကိစ္စများ မလုပ်ကြရန်လည်း ပြောဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများကို ဖြန့်ဝေပေးရန် Mask ၆.၃ သန်း ရှိထားပြီး ထပ်မံမှာယူရန်လည်း ဆောင်ရွက်နေပါသည်ဟု ဧပြီ ၅ ရက်က ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်&က် စာမျက်နှာတွင် ရေးသားထားသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ၊ တောရိုင်းတိရစ္ဆာန်ဈေးကွက်မှ တဆင့် လူကို ကူးစက်ပြီး ပြန့်ပွားလာခဲ့သည့် COVID-19 ရောဂါပိုးသည် မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်က ပြည်ပနိုင်ငံမှ ပြန်လာသူများထံမှ စတင်တွေ့ရှိသည်။
လက်ရှိတွင် ရောဂါကူးစက်ခံထားရသူ ၂၁ ဦးရှိပြီး ထိုထဲမှ ၁ဦးမှာ နှာခေါင်းကင်ဆာ ရောဂါ အခံရှိသဖြင့် အထူးကြပ်မတ်ဆောင်တွင် ဆေးကုသနေဆဲ၌ အသက်ဆုံးပါးသွားသည်။
နိုင်ငံတကာတွင် ကူးစက်မှုနှုန်း မြန်ဆန်ပြီး ရောဂါပိုးကူသူ ၊ သေဆုံးသူ ထောင်ချီရှိလာသည့် ဖေဖော်ဝါရီ မှစ၍ မြန်မာနိုင်ငံတွင်လည်း စိုးရိမ်မှုများ ဖြစ်ကာ လက်သန့်ဆေးရည်များ (Hand Sanitizer) ၊ နှာခေါင်းစည်းများ (Mask) နှင့် ပိုးသတ်ဆေးအမျိုးမျိုး တို့ကို ဝယ်ယူမှု မြင့်တတ်ကာ ဈေးကွက်တွင် ဝယ်ယူ၍ မရနိုင်သည်အထိ ပစ္စည်းများ ပြတ်ခဲ့သည်။
ပစ္စည်းများ ဝယ်ယူရန် ခက်ခဲနေသည့် ဖေဖော်ဝါရီမှစ၍ အွန်လိုင်းလူမှုကွန်ရက်များပေါ်မှ တဆင့် ဈေးရောင်းသူတို့သည် လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများ၊ ပိုးသတ်ဆေး အမျိုးမျိုးတို့ကို ဈေးအဆမတန် တင်ကာ ရောင်းချနေကြသည်။
နှာခေါင်းစည်းတခုကို ယခင်က ငွေကျပ် ၅၀၊ ၁၀၀ သာ ရှိသော်လည်း ယခုအခါ တခုလျှင် ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ်အထိ ရောင်းချနေကြသည်။
လက်သန့်ဆေးရည်ပုလင်းများနှင့် ပိုးသတ်ဆေးအမျိုးမျိုးကိုလည်း ၂ဆ မှ ၄ ဆခန့်အထိ ဈေးတင် ရောင်းချမှုများ ရှိနေသည်။
ထို့ပြင် COVID-19 ပိုး ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုသည့် PPE ဝတ်စုံများ မှာလည်း ယခင်က ကျပ် ၁ သောင်းခွဲခန့်မှ ၄ သောင်းဝန်းကျင်အထိသာ ရှိရာ ယခုအခါ ၈ သောင်းကျပ်မှ ၁ သိန်းကျော်အထိ လူမှုကွန်ရက်တွင် ရောင်းချနေကြသည်။
ကျန်းမာရေးအတွက် အကာအကွယ်အဖြစ် သုံးရန် ပစ္စည်းများ ဈေးအဆမတန် တတ်သွားသဖြင့် ဝင်ငွေနည်းသူ အခြေခံလူတန်းစားများအတွက် တနေ့တာ အပြင်ထွက် အလုပ်လုပ်ပါက နှာခေါင်းစည်းများ အသုံးပြုရန်၊ ဝယ်ယူရန် ခက်ခဲကြောင်းကိုလည်း ဝေဖန်မှုများ ရှိနေသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သုတေသန ပြုလုပ်ချက်များအရ Mask တပ်ခြင်းသည် ရောဂါပိုး ကူးစက်ခံရမှုနှုန်းကို လျော့ချနိုင်ပြီး ရောဂါပိုး ကူးစက်မခံရအောင် အကာအကွယ် ဖြစ်သဖြင့် အိမ်ပြင်သို့ ထွက်သည့် အချိန်ပြီး အများပြည်သူအကြား သွားလာသည့် အချိန်များတွင် Mask တပ်ကြရန် အကြံပြု ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန် ပစ္စည်းများကို အရေးကြီး ကုန်စည် ပစ္စည်းများ အဖြစ် သတ်မှတ်လိုက်ကြောင်း နှင့် အဆိုပါ ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ လုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဟု မတ် ၃၀ ရက်က အမိန့်ကြေငြာစာ ထုတ်ထားသည်။
အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ မည်သူမဆို အရေးကြီး ကုန်စည် ပစ္စည်းများကို ဈေးတင်ရောင်းခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ် ၆လ မှ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်ရမည့် အပြင် ကျပ် ၅သိန်းထက် မပိုသော ငွေဒဏ်ကိုလည်း ချမှတ်ခြင်း ခံရမည်ဟု ပြဌာန်းထားသည်။
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်
လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်