တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ကြမ်းပစ္စည်းများနှင့် နှာခေါင်းစည်း (Mask) များ ပြည်တွင်းရှိ စက်မှုဇုန်များတွင် ထုတ် လုပ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “ထုတ်လုပ်ရေးတော့ မစသေးဘူး။ စက်က မှာထားတယ်။ ထုတ်လုပ်မယ့် စက် ၁ လုံးကို ကျပ်သိန်း ၁၁၀၀ လောက် ရှိတယ်။ စက်ရဲ့လည်ပတ်အားက ၁ မိနစ် ကို Mask အခု ၁၀၀ ထွက်တယ်။ အဲဒီတော့ တနာရီကို ၆၀၀၀ ထွက်တယ်။ တရက်ကို နာရီ ၂၀ လည်မယ်ဆိုရင် အခုရေ ၁ သိန်း၂ သောင်းလောက် ထုတ်ပေးလို့ ရတယ်။ စက်မှုဇုန်တွေမှာ လုပ်ငန်းရှင်၂ ယောက်၊ သုံးယောက်လောက် လုပ်ဖို့ စီ စဉ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ Mask ထုတ်လုပ်မှုကို အထည်ချုပ် စက်ရုံများတွင် ပြုလုပ်နိုင်ပြီး ကုန်ကြမ်းရရှိမှု အပေါ် မူတည်၍ အမြန်ဆုံး ထုတ် လုပ်နိုင်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဦးနေလင်းဇင်က “အခုလိုမျိုး တကယ့်တကယ် လိုအပ်တဲ့ အချိန်ကျရင် ပြည်တွင်းကလည်း ဝယ်လိုအား ပြတ်တယ်။ ပြည်တွင်းမှာ အလုံအလောက် မရှိဘူး။ အရင်က တခုမှ၂၀၊ ၂၅ ကျပ်လောက်ပဲ ရှိတာ။ အခု တခုကို ကျပ် ၄၀၀ ၊ ၅၀၀ ကနေ ကျပ် ၁၀၀၀ အထိ ဖြစ်တယ်။ အဓိကတော့ ပြည်တွင်းမှာ ထုတ်ရင် ဈေးပိုသက်သာမယ်။ နိုင်ငံခြားက မှာလို့ မရရင် ပြည်တွင်းကနေ လိုအပ်တဲ့ နေရာကို အချိန်မရွေး ဖြန့်ဖြူးပေးနိုင်အောင် ဖြစ်တယ်” ဟု ပြောဆိုသည်။
ရန်ကုန်တိုင်းတွင် စက်မှုဇုန်၂၉ ဇုန် ရှိပြီး လှိုင်သာယာမြို့နယ် အတွင်းရှိ စက်မှုဇုန်များနှင့် ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် များတွင် နှာခေါင်းစည်းများ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်အချို့က ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း ရှိသည်။
ပြည်တွင်း၌ COVID-19 နှင့် ဆက်စပ်သည့် ဆေးဝါးတချို့၊ နှာခေါင်းစည်း (Surgical Mask)၊ လက်သန့်ဆေးရည်၊ ပိုး သတ်ဆေး အစရှိသည် တို့မှာ ဈေးကွက်အတွင်း ဈေးတက်ခြင်း၊ ဝယ်ယူရ ပစ္စည်းပြတ်ခြင်းများ ရှိနေသည်။
Surgical Mask ကိုယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ၁၀ ခုပါ ၁ ထုတ်လျှင် ၄၅၀ ကျပ်မှ လက်ရှိအချိန်တွင် ၁၀ ခုပါ တထုပ် အား ငွေကျပ် ၄ ထောင်မှတဆင့် ၆ ထောင်ကျော် အထိ ဈေးရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။
တာမွေမြို့နယ်တွင် နေထိုင်သူ တဦးက “Mask ဆို အခုက ဝယ်မရဘူး။ လက်သန့်ဆေးရည်ဆိုရင် အိမ်မှာ ကလေးရှိ တော့ ဆေးရုံသုံး အယ်ကိုဟော ပါတဲ့ဟာ ကုန်လို့ သွားဝယ်တာ မရဘူး။ အကုန်လုံးက ပြည်ပက တင်သွင်းရတယ်။ ပစ္စည်း ပြတ်တယ်ပဲ ပြောတယ်။ အခုလို ပြည်တွင်း Mask ထုတ်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ တခြား ဆေးပစ္စည်း စက်ရုံတွေ ထုတ်လုပ်တာတွေ နောက်ပိုင်းမှာ ရှိလာစေချင်တယ်။ အခု ကပ်ရောဂါက သာဓကပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံက လိုအပ်သည့် ဆေးဝါး ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရပြီး အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ် သော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများတွင် အခြေစိုက် ထုတ်လုပ်သော ဆေးကုမ္ပဏီများက တင်သွင်းသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှလည်း လက်ခစား (CMP) ကုန်ကြမ်း ပစ္စည်းများနှင့် အခြား သွင်းကုန်ပစ္စည်း အများစုမှာ ပြန်လည် ဝင်ရောက်သည့် အနေအထားတွင် ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက် ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 နဲ့ ပတ်သက်တဲ့ ဆေးတွေတော့ နိုင်ငံတိုင်းမှာ လိုအပ်နေတယ်
ကျန်းမာရေးပစ္စည်း အဆမတန် ဈေးတင်ရောင်းသူများကို သည်းခံမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော