နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုလျက်ရှိသော Facebook လူမှုကွန်ရက်စာမျက်နှာ ကို နှောက်ယှက်သူများအား လိုက်လံဖမ်းဆီးထိန်းသိမ်းရန်ဟု ဆိုသော “အမိန့်ညွှန်ကြားချက်အတု” ထုတ်ပြန်၍ အစောဆုံး လွှင့်တင် ဖြန့်ချီသော Account နှင့် Page များကို ဥပဒေနှင့် ထိထိရောက်ရောက် အရေးယူမည်ဟု အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“Facebook တွင် ပြန့်နှံ့နေသည့် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးကိုယ်စား ညွှန်ချုပ် ကျော်ထွန်း သက် လက်မှတ်ရေးထိုးထားသည့် ရုံးစာမှာ အတုဖြစ်ပါသည်”ဟု ဦးဇော်ဌေးက သမ္မတအိမ်တော်သို့ ဝင်ထွက်ခွင့် ရရှိသည့် အိမ်တော် သတင်းထောက်များဂရုမှတဆင့် သတင်းစကား ပါးလာခြင်း ဖြစ်သည်။
ယင်းစာအတုမှာ အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီးကိုယ်စား ညွှန်ချုပ် ဦးကျော်ထွန်းသက်က လက်မှတ်ရေးထိုးထားသည့် အတိုင်ပင်ခံပုဂ္ဂိုလ် အသုံးပြုသော လူမှုကွန်ရက် စာမျက်နှာကို မသမာသူများမှ လိုက်လံနှောက်ယှက်ခြင်း ကိစ္စဟု ဆို ကာ ပြည်ထဲရေး ဒုတိယ ဝန်ကြီးထံ ပေးပိုးသည့် အကြောင်းကြားစာ ဖြစ်သည်။
ယင်းစာ၏ အပိုဒ် ၃ တွင် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရားဝင် လူမှုကွန် ရက် စာမျက်နှာကို နှောက်ယှက်လျက်ရှိသည့် မသမာသူများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန် မာနိုင်ငံ ဆိုင်ဘာ အထူးရဲတပ်ဖွဲ့ တို့၏ အကူအညီကို ရယူလျက် သိုသိပ်စွာ လိုက်လံ ဖမ်းဆီး ထိန်းသိမ်းရန် ညွှန်ကြား ထားခြင်း ဖြစ်သည်။
ယခုစာနှင့်အတူ ပါရှိသည့် အမည်စာရင်းများနှင့် IP Address များ ပေါက်ကြားမှု မရှိစေရေး အထူးဂရုပြု ဆောင်ရွက် ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှု ပြုထားသည်ဟုလည်း ဆိုသည်။
ယင်းစာအတု အစောဆုံး တက်လာသည့် Facebook Page နှင့် Group များကို လိုက်လံ စိစစ်ရာ နိုင်ငံရေးပါတီကြီး တခုနှင့် အဖွဲ့အစည်းတခုတို့၏ လုပ်ဆောင်ချက်သတင်းများကို အသားပေးဖော်ပြထားသည့် Page များနှင့် Group များ ဖြစ်နေသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ ရှိရသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။
ဧရာဝတီက တွေ့ ရှိသည့် The Conservative ဟု အမည်ပေးထားသော Facebook Page တွင် ယခုစာအတုကို အစောဆုံး ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ယင်း Page သည် တပ်မတော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းများကို အများဆုံး ဖော်ပြနေသည့် လူမှုကွန်ရက် စာမျက်နှာတခု ဖြစ်သည်။
သို့သော် နောက်ပိုင်းတွင် ယင်းစာအတုကို ပြန်လည် ဖြုတ်ချသွားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ၁ ရက်နေ့က ၎င်းကိုယ်တိုင် အသုံးပြုသည့် Facebook အကောင့်တခုကို Aung San Suu Kyi အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး COVID – 19 စိန်ခေါ်မှုများ ရှိနေချိန်တွင် ပြည်သူများနှင့် မြန်မြန်ဆန်ဆန် ဆက်သွယ်ရန် အသုံးပြုတော့မည်ဟု ထုတ်ပြန် ပြောဆိုခဲ့သည်။
ထို့နောက် ယင်းစာမျက်နှာမှတဆင့် COVID – 19 အရေးဆောင်ရွက်နေသူများနှင့် အွန်လိုင်းမှ တဆင့် အပြန် အ လှန် ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ ပြည်သူလူထု၏ တင်ပြချက်များကို ပြန်လည် ဖြေရှင်းတုန့်ပြန်ခြင်းနှင့် ၎င်း၏ အမြင် သဘောထား တချို့ကိုလည်း မျှဝေခြင်းများ ပြုလုပ်ခဲ့ရာ ပြည်သူလူထု၏ စိတ်ဝင်စားမှုကို များစွာ ရရှိခဲ့ကြောင်း တွေ့ ရသည်။
ဧပြီလ ၆ ရက်နေ့တွင် လူမှုကွန်ရက်မှ တင်ပြချက်များ အပါအဝင် နိုင်ငံအနှံ့အပြားမှ ပြည်သူများ၏ တင်ပြချက်ကို စိစစ်ကာ ယခုကာလအတွင်း အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿ၊ ကြက်သွန် ၁ ပိဿကို ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ ကူညီမည် ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု ၁၅၀ ယူနစ်အထိ အခမဲ့ သုံးစွဲခွင့်ကို ဧပြီလကုန်အထိ သုံးစွဲ ခွင့်လည်း ပါဝင်သည်။
ထို့သို့ အများပြည်သူနှင့် ဆက်သွယ်မှုများ ပြုလုပ်လာပြီး လုပ်ငန်းများလည်း အကောင်အထည် ဖော်လာသည့်အခါ ယခုလို ရုံးစာအတု လူမှုကွန်ရက်တွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် သုံးစွဲမှု ကျယ်ပြန့်လာပြီးနောက် အစိုးရ၊ အဖွဲ့ အစည်းများနှင့်ပတ်သက်၍ အမိန့် ညွှန်ကြားချက်အတုများ မကြာခဏ ထွက်ပေါ်လေ့ ရှိသော်လည်း ယနေ့အချိန်အထိ တဦးမျှ ဖမ်းဆီး အရေးယူနိုင်ခြင်းမျိုး မရှိသေးပေ။
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်