အစိုးရထောက်ပံ့ဆန် ထုတ်လာသော စစ်ဘေးရှောင်များကို တပ်က ဖမ်းဆီးစစ်ဆေး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ ဒေသခံ ရွာသားများ အစိုးရအဖွဲ့မှ ထောက်ပံ့ သော ရိက္ခာဆန်အိတ်များကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီး အပြန်တွင် တပ်မတော်သား များထံ ဖမ်းဆီး စစ်ဆေး ခံနေရကြောင်း စစ်ဘေးရှောင် စခန်းမှ တာဝန်ခံများနှင့် ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဧပြီလ ၄ ရက်နေ့က ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းအတွက် လူ/ ကယ်ပြန် ဝန်ကြီးဌာနမှ ထောက်ပံ့ထားသော ဆန်အိတ် ၁၅၀ ကို လာရောက် ထုတ်ယူရန် အကြောင်းကြား လာသည့်အတွက် ထွေ/ အုပ်ဝန်ထမ်း ၁ ဦး အပါအဝင် စစ်ဘေးရှောင်စခန်းမှ ရွာသား ၁၂ ဦးတို့မှာ ကားဖြင့် ဆန်အိတ် သွားရောက် ထုတ်ယူပြီး အပြန်တွင် စကခ ( ၉ ) တပ်မ စစ်ဆေးရေးဂိတ်မှ ဖမ်းဆီး စစ်ဆေးမှုကို ခံနေရခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။
ဦးခိုင်မျိုးအောင်က “လူ/ ကယ်ပြန်ဌာနက ထောက်ပံ့ထားတဲ့ ဆန်အိတ် ၁၅၀ ကို လာထုတ်ပါဆိုလို့ ကျနော်တို့က တင်ပြ တယ်။ လမ်းမှာ အစစ်အဆေးတွေများတယ်။ သူတို့က ဒီတကြိမ်တော့ ဖြစ်အောင် လာထုတ်ပါ။ သင်္ကြန်မတိုင်ခင် လာထုတ်ယူပါ ဆိုပြီးတော့ ခေါ်တယ်။ အဲဒါကြောင့် ကျနော်တို့က ကားပေါ်မှာ ဆန်အိတ်တွေ အတင်အချ လုပ်ဖို့ အတွက် ဒီမှာ ရှိတဲ့ လူတွေကို ထည့်ပေးလိုက်တာပါ။ သူတို့ ခွင့်ပြုချက်နဲ့ သွားတာမှာ တပ်မမှာ ဖမ်းဆီး စစ်ဆေး ခံနေတယ်ကြားလို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတော့လည်း အထက်ကို တင်ပြထားတယ်လို့သာ ပြောတယ်။ အခုထိ ပြန် မရောက်လာသေးဘူ။ ” ဟု ဧရာဝတီသို့ ပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဆန်အိတ်သွားသယ်ရင်း ဖမ်းခံရသူများမှာ ကိုလင်းလင်းချေ (၁၅)နှစ်၊ ဦးမင်းစိုး မြင့် (၃၀) နှစ်၊ ကိုမောင်လှဝင်း ( ၁၈ ) နှစ်၊ ကိုဖြူသီး ( ၁၈ ) နှစ်၊ ဦးစိုးမိုးဌေး ( ၂၈ ) နှစ်၊ ဦးကျော်ကျော်နိုင်( ၃၀) နှစ်၊ ဦးမောင်မဲတန် ( ၃၀ )နှစ်၊ ဦးကျော်လှိုင်( ၃၆ ) နှစ်၊ ကိုမောင်မျိုးကျော် (၂၄) နှစ်၊ ကိုသန်းဝင်းလှိုင် (၂၆)နှစ်၊ ထွန်းထွန်းနိုင် (၂၅) နှစ်၊ ဦးကျော်မိုးလှိုင် (၃၂) နှစ် တို့ဖြစ်ပြီး မြို့နယ် ထွေ/အုပ်မှ စာရေး ဝန်ထမ်း ၁ ဦးဖြစ်သူ ဦးအုန်း နိုင်နှင့် ကားသမား ၂ ဦးလည်း ပါဝင်ကြောင်း သိရသည်။
ကျောက်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း “ ပြည်သူလူထုအပေါ် စိစစ် တာ ကိုတော့ ကျနော်တို့အနေနဲ့ ဘာမှ မပြောလိုပါဘူး။ သို့သော် စစ်ဘေးရှောင်တွေ အတွက် လူသားချင်း စာနာမှုတွေနဲ့ ပေးတဲ့ အကူအညီတွေကို အထူးသဖြင့် အစိုးရ လမ်းကြောင်းထဲက Clear ဖြစ်ပြီးသား ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကလည်း သေချာ လက်မှတ်ထိုးပြီးတော့ ဒါဟာ စစ်ဘေးရှောင်စန်းသို့ သွားတဲ့ ရိက္ခာဆိုတာတွေကို လူစာရင်းတွေနဲ့ အတိအကျ ထောက်ခံချက်တွေနဲ့ သွားတာတခုကို အခုလို ၁ ရက် ၊ ၂ ရက်ထိ စိစစ်နေရတယ်ဆိုတဲ့ အခြေအနေဆိုတော့ တော်တော် စိုးရိမ်စရာဖြစ်လာတယ်။ အလွန်တရာလည်း စိတ်မကောင်း ဖြစ်မိတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့ခံ ပြည်သူ့ လွှွတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း အနေဖြင့် ထိုဖမ်းဆီးခံရမှု အပေါ် စစ်ဘေးရှောင် စခန်းမှ မိသားစုဝင်များက တင်ပြလာသည့်အတွက် ယမန်နေ့ ဧပြီလ ၅ ရက်နေ့က အမှတ် ( ၉ ) စစ်ဆင်ရေး ကွပ်ကဲမှူး ဌာနချုပ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့ရာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ၊ စစ်ဆေးမှုပြီးလျှင် ပြန်လွှတ်ပေးမည်ဟု တုန့်ပြန် ဖြေကြားကြောင်း ရှင်းပြသည်။
သို့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အတွက် ယနေ့ ဧပြီလ ၆ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် တွေ့ဆုံပြီး အကျိုးအကြောင်းကို မေးမြန်းခဲ့ရာ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ခရိုင် ၊ ပြည်နယ် အဆင့်ဆင့် တင်ပြပြီး ဆောင်ရွက်ထားသည်ဟုသာ ပြန်လည် ဖြေကြားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဦးထွန်းဝင်းက ပြောပြသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းအား အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ တခြား ဝန်ထမ်း ၁ ဦးမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ အစည်းအဝေး လုပ်နေသည် ဟုသာ ဖြေကြားသည်။
ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေး လုပ်နေသည့်အတွက် မအားကြောင်း ဖြေကြားသည်။
နောက်ဆုံး ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက် သွယ်ခဲ့ရာ ၎င်းဖြစ်စဉ်အပေါ် မသိရှိသေးကြောင်း တုန့်ပြန်ဖြေကြားသည်။
လက်ရှိအချိန်တွင် အိုးအိမ်စွန့်ခွာပြီး ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ဝင်ရောက်ခိုလှုံနေရသော ဖမ်းဆီးခံ မိသားစုဝင်များမှာ စိုးရိမ်သောကများ ရောက်ရှိနေကြောင်းလည်း စခန်းတာဝန်ခံများက ပြောသည်။
“ဆန်အိတ်တွေ လာသယ်ယူပါ ဆိုလို့ သယ်ယူစရိတ်နဲ့ ဒီက လူတွေလည်း ထည့်ပေးရသေးတယ်။ ကြားမှာလည်း အဖမ်းဆီးခံရတယ်။ အဖမ်းခံရတဲ့ လူတွေကို လွတ်မြောက်အောင် မလုပ်ပေးနိုင်ရင်တော့ ဘယ်လို အစိုးရလဲဆိုတာ မေးခွန်းထုတ်ရတော့မယ်။ အခု စခန်းမှာလည်း ဒုက္ခမျိုးစုံ ရောက်နေတာက တမျိုး၊ ဟိုအဖမ်းခံရတဲ့လူတွေ အတွက် ပူပန်နေရတာလည်း တမျိုးဆိုတော့ မိသားစုဝင်တွေကတော့ တော်တော် ဒုက္ခရောက်နေကြရတယ်။” ညောင်ချောင်း စစ်ဘေးရှောင် စခန်း တာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။
အဆိုပါ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ရွှေပြည်၊ မာလာ၊ အလယ်ချောင်း၊ သာစည်၊ မျောက်တောင်၊ ပိန္နဲချောင်း စသည့် ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၁၄ ရွာမှ အိမ်ထောင်စု ၅၁၃ စု၊ လူဦးရေ ၂၂၆၀ ဦး ရှိကြောင်းလည်း သိရသည်။
You may also like these stories:
ရခိုင်တောင်ပိုင်းတွင် AA တပ်ဖွဲ့ ဝင် ၄ ဦး ဖမ်းထားဟု တပ်မတော် ထုတ်ပြန်
နေပြည်တော် စစ်ကြောရေးစခန်းတွင် COVID-19 ကာကွယ်ရန် သီးသန့်စောင့်ကြည့်ထားသူ ၁၀၀ ကျော် ရှိ