ရက္ခိုင် စစ်တပ် (AA) တပ်ဖွဲ့ဝင်များက ရဲယူနီဖောင်းများ ဝတ်၍ တောင်ကုတ်မြို့နယ် ဂျီဖြူတောင် ကျေးရွာရှိ စစ်မှုထမ်း ဟောင်းတဦးကို ဧပြီလ ၄ ရက် ညပိုင်းက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ထားသူ ၃ ဦးနှင့် အရပ်ဝတ် ၁ ဦးတို့က တုတ်၊ ဓားများ ကိုင်ဆောင် ရောက်ရှိ လာပြီး ယင်းကျေးရွာတွင် နေထိုင်သော စစ်မှုထမ်းဟောင်း ဖြစ်သူ ဦးကျော်ထူးကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “AA က လုံခြုံရေး စခန်းတွေ၊ ရဲကင်းစခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင် အသွင် အရပ်သား အသွင်နဲ့ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်တာတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ရဲမှုထမ်းဟောင်းတွေနဲ့ အရပ်သားတွေ ကိုလည်း ဖမ်းဆီးသတ်ဖြတ်တဲ့ အကြမ်းဖက် လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်” ဟု ပြောဆိုသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ၂၀၂၀ ဧပြီထိ AA က စစ်မှုထမ်းဟောင်းနှင့် ရဲမှုထမ်းဟောင်းများကို ဖမ်းဆီးသွားမှု ၁၂ ကြိမ်ထိရှိ ခဲ့ပြီး သတ်ဖြတ်ခံရသူ ၈ ဦး ထိရှိခဲ့ကြောင်း တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ယခုဧပြီလ ပထမပတ် အတွင်း ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် AA တပ်ဖွ့ဲဝင် ၄ဦးကို အမ်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သလို၊ AAနှင့် ဆက်သွယ်သူ ၅ဦးကိုလည်း တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။
တပ်မတော်ကလည်း AA တပ်ဖွဲ့ဝင် ၄ ဦးကို ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အမ်းမြို့နယ် ဖမ်းဆီးခဲ့ပြီး AA နှင့် ဆက်သွယ်သူ ၅ ဦးကို တောင်ကုတ်မြို့နယ်တွင် ဖမ်းဆီးခဲ့သည်။
ကျောက်တော် မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင် စခန်းမှ ဒေသခံ ရွာသား ၁၂ ဦး အပါအဝင် အထွေထွေအုပ်ချုပ်ရေး ရုံး ဝန်ထမ်းနှင့် ကားဆရာ၂ ဦး၊ စုစုပေါင်း ၁၅ မှာလည်း ဧပြီလ ၄ ရက်က အစိုးရက ထောက်ပံ့သည့် ဆန်အိတ်များ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှ ထုတ်ယူပြီး အပြန် တပ်မတော်သားများ၏ ဖမ်းဆီးစစ်ဆေးခံနေရပြီး လက်ရှိချိန်ထိ ပြန်လည် လွတ် မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ ရက်ကလည်း ရမ်းဗြဲမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်၊ ဘဏ္ဍာရေးမှူးလည်း ဖြစ်သူ ဦးဇေယျာမင်းကို လက်နက်ကိုင် အဖွဲ့တခုက လာရောက် ဖမ်းဆီး သွားခဲ့ကြောင်း သိရသည်။
AA က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် အိန္ဒိယ နိုင်ငံသား ၅ ဦး၊ စကားပြန် ၂ ဦး၊ စပိဘုတ် မောင်းသူ၂ ဦး စုစုပေါင်း ၁၀ ဦးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးခဲ့ပြီး ဦးဝှေ့တင်းမှာ AA လက်တွင် ၃ လနီးပါး ထိန်းသိမ်းခံခဲ့ရသေးသည်။
အစိုးရက AA ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသောကြောင့် ယခုသတင်းနှင့် ပတ် သက်၍ AA ဘက်သို့ မေးမြန်းဆက်သွယ်ရန် အခက်အခဲရှိခြင်းကြောင့် ဧရာဝတီအနေဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပေ။
လတ်တလော AA နှင့် ဆက်သွယ်မေးမြန်းသော သတင်းစာ ဆရာများကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြမ်းဖက် ဥပဒေဖြင့် လိုက်လံ ဖမ်းဆီး အရေးယူလျက် ရှိသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ ဖြစ်ပွားသည့် တိုက်ပွဲများကာလ အတွင်း အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အရပ်သား ထိခိုက် သေဆုံးမှုများ ရှိခဲ့ပြီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူ ၁ သိန်း ခန့် ရှိပြီဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်
အမ်းတွင် စစ်မှုထမ်းဟောင်း ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ပလက်ဝက ဆန်ကားနှင့် လူ ၃ ဦး AA ပြန်လွှတ်ပေး