သတင်း

Quarantine Center ကို ပိတ်ထားသည့် မြို့နယ်ထွေအုပ်အား အစိုးရအဖွဲ့ထံ တိုင်ကြား

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၌ COVID-19 အတွက် ရောဂါ ခြေချုပ်ထားမည့် စင်တာ (Quarantine Center) ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အဖွဲ့မှ ပိတ်ထားသဖြင့် ပြည်သူ့လွှတ်တော်အမတ်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံသို့ တိုင်ကြားထားသည်ဟု သတင်းရရှိသည်။

မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းဝင်းအောင်က “အခု ပြည်သူ့လွှတ်တော် အမတ်က စိတ်တိုပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်ရော ပြည်နယ်မင်းကြီးတို့ရော တိုင်ထားတယ်။ ဘယ်လို ပြန်ပြီး အရေးယူပေးမလဲ ဆိုတာကတော့ အဖြေကတော့ မသိရသေးဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၃ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပါဝင်သည့် အဖွဲ့မှ COVID-19 Quarantine Center သို့ ပြည်သူ့လွှတ်တော် အမတ်အား ခေါ်ယူ ပြသကာ ဓာတ်ပုံမှတ်တမ်းယူပြီးနောက် Center ကို ပိတ်ထား လိုက်သဖြင့် မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်သည်။

ပြည်ပမှ ပြန်လာသူများကို ရောဂါခြေချုပ်ဖြင့် ၁၄ ရက် ထားကာ စောင့်ကြည့်ရန် ပြင်ဆင်ထားသည့် Quarantine Center ကို မြို့နယ်ထွေအုပ်မှ ဟန်ပြ လိမ်လည် ပြင်ဆင်ထားသဖြင့် တိုင်တန်း ထားသည် ဟုလည်းကောင်း၊ ပြည်သူ လူထုအပေါ် တမျိုးသားလုံးအပေါ် လိမ်လည်ခြင်းသည် အမျိုးသား သစ္စာဖောက်သာ ဖြစ်၏။ အရေးယူ ပေးနိုင်ရန် ကူညီပေးကြပါ”ဟု လည်းကောင်း မိုင်းတုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

မိုင်းတုံမြို့နယ်အတွင်း လက်ရှိတွင် သံသယလူနာ မရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လိုသည့်ဆန္ဒမှာ Quarantine Center ကို နေ့စဉ် စောင့်ကြည့်ရန် ဝန်ထမ်းအင်အား မလုံလောက်ပါက ရပ်ရွာထဲမှ စေတနာ့ဝန်ထမ်းများ ဖြစ်စေ၊ အစိုးရဝန်ထမ်းများ ဖြစ်စေ ၅ ဦးခန့် နေ့စဉ် စောင့်ဆိုင်းကာ အဆင်သင့် ဖွင့်လှစ်ထားစေလိုခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအခါ ဝန်ထမ်းအင်အား လုံလောက်ခြင်း ရှိ၊ မရှိကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဘက်မှ မပြောဘဲ Quarantine Center ကို ပိတ်ထားခြင်း မဖြစ်စေလိုကြောင်း ဦးဆန်းဝင်းအောင်က ရှင်းပြသည်။

ဆက်လက်ပြီး ၎င်းက “အခုက တချို့ဝန်ထမ်းတွေလည်း သိပ်အလုပ်မလုပ်ပါဘူး။ ဒီအချိန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရုံး အလုပ်တွေ သိပ်မလုပ်ကြပါဘူး။ တချို့လည်း အားနေကြတာ။ ရုံးတွေ သွားရင် Facebook သုံးနေတာ။ ကျနော်တို့ အမြင်ကတော့ ၅ယောက်လောက် အမြဲ စောင့်ပေးစေချင်တာ။ နေ့တိုင်းတော့ ကျနော်တို့က ဂိတ်တွေမှာ စစ်နေ တယ်။ သံသယ လူနာရှိတာနဲ့ တခါတည်း တန်းပြီး ပို့မှာ။ စောင့်တဲ့သူရှိရင်တော့ အဆင်ပြေတာပေါ့”ဟု ပြောသည်။

Quarantine Center ပိတ်ထားသဖြင့် တိုင်ကြားခံထားရသည့် အပေါ် မိုင်းတုံမြို့နယ်၊ ကျန်းမာရေးဌာနသို့ ဖုန်း ဆက်သွယ် မေးမြန်းသော်လည်း အရေးကြီးကိစ္စများ ရှိနေသဖြင့် ယခု ဖြေဆိုပေးနိုင်ခြင်း မရှိသေးပါဟု ပြောသည်။

ပြည်ပမှ ပြန်လာပြီး မိုင်းတုံမြို့နယ်အတွင်း Quarantine ထား ထားသည့် ဦးရေကို မေးမြန်းသော် လည်း ရောဂါ ခြေချုပ် အဖြစ် ထားရှိထားသူများ ရှိကြောင်း၊ သို့သော်လည်း နေ့စဉ် အထက်သို့ တင်ပြနေရသည့် စာရင်းဖြစ်သဖြင့် လက်ရှိတွင် ဖြေကြားပေးနိုင်ခြင်း မရှိပါဟု ကျန်းမာရေးဌာနဘက်မှ ပြောသည်။

မိုင်းတုံမြို့နယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းဆတ်ခရိုင်ထဲတွင် ပါဝင်ပြီး “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ တောင်ပိုင်းထိန်းချုပ်နယ်မြေ နှင့် ကပ်လျက် ရှိသည့် မြို့နယ် ဖြစ်သည်။ မိုင်းတုံမြို့နယ်မှ တဆင့် ထိုင်း- မြန်မာနယ်စပ်ဖြစ်သည့် ပုံပါကျင်၊ နားကောင်းမူ၊ ဟွေ့အော် ဒေသတို့ကို သွားရောက်နိုင်သည်။

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ မိုင်းတုံမြို့နယ်တွင် လူဦးရေ ၂၁၀၀၀ ကျော် ရှိသည်။

မိုင်းတုံမြို့နယ်၊ ပုံပါကျင် မြို့နယ်ခွဲတွင် မတ်လအတွင်း ထိုင်းနိုင်ငံဘက်မှ ပြန်လာသူများထဲမှ ၂ ဦးမှာ ချောင်းဆိုးခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်းများ ဖြစ်သဖြင့် ရောဂါခြေချုပ်ဖြင့် ထားပြီး ရောဂါပိုး ရှိ၊မရှိ စစ်ဆေးရာ ပိုးမတွေ့ရှိဟုလည်း သိရသည်။

ဧရာဝတီမှ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း မှတ်ချက် တစုံတရာ ရယူနိုင်ခြင်း မရှိပါ။

ဆက်စပ်ဖတ်ရှုရန်

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး

COVID-19 ကာကွယ်ရန် “ဝ” နယ်စပ်ဂိတ်အားလုံး ယာယီ ပိတ်မည်

တရုတ်နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များ ဗိုင်းရပ်စ် ကာကွယ်ရေး အစိုးရ ကူညီမည်

Did you find apk for android? You can find new Free Android Games and apps.
Loading