ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် စက်မှုလုပ်ငန်းများရပ်တန့်သွားပြီး ကမာ္ဘတဝန်းမှ လေထုညစ်ညမ်းမှုကို ယာယီအားဖြင့် လျှော့ချပေးနေကြောင်း ဥရောပအာကာသအေဂျင်စီ (EPA)၏ ဂြိုလ်တုပုံရိပ်များက ဖော်ပြနေသည်။
ထိုသို့ ရုတ်တရက်ပြောင်းလဲမှုသည် စက်မှုလုပ်ငန်းများမှ ထုတ်လွှတ်မှုလျှော့ချရေး အရဆိုလျှင် ပမာဏအကြီးမားဆုံး အတွေ့အကြုံဖြစ်သည်ဟု ကျွမ်းကျင်သူတဦး က ဆိုသည်။
ESA ၏ Sentinel-5P ဂြိုဟ်တုမှ ဖတ်ရှုမှု များအရ ပြီးခဲ့သော ရက်သတ္တ ၆ ပတ် အတွင်းတွင် အာရှနှင့် ဥရောပမြို့များနှင့် စက်မှု နယ်မြေများ ရှိ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) အဆင့်များက ပြီးခဲ့သည့်နှစ် အလားတူကာလထက် သိသိ သာသာ နိမ့်ကျသွား ကြောင်း ဖော်ပြနေသည်။
နိုက်ထရိုဂျင် ဒိုင် အောက်ဆိုဒ် ကို ကားအင်ဂျင်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြား စက်မှုလုပ်ငန်းစဉ်များမှ ထုတ်လုပ်ပေးသည်။ ၎င်းက ပန်းနာရင်ကျပ် ရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ပိုမို ဆိုးရွားစေသည် ဟု ယူဆထားကြသည်။
၎င်းကိုယ်တိုင်က ဖန်လုံအိမ် ဓာတ်ငွေ့မဟုတ်သော်လည်း၊ လေထုညစ်ညမ်းမှုက ကမာ္ဘ့ အပူချိန် မြင့်တက်မှုကို ဖြစ်စေသည့် ကာဗွန် ထုတ်လွှတ်မှု၏ ကြီးမားသောဝေစု အတွက် တာဝန် ရှိသော အလားတူ လုပ်ရပ်များ နှင့် စက်မှုလုပ်ငန်း ကဏ္ဍများ တွင် အခြေပြုခြင်း ဖြစ်သည်။
လေ့လာစရာ အရေးကြီးသော သင်ခန်းစာများ ရှိလာ လိမ့်မည်ဟု Leicester တက္ကသိုလ် မှ လေထုညစ်ညမ်းမှုဆိုင်ရာ ပါမောက္ခ Paul Monks က ခန့်မှန်းထားသည်။ “ခုချိန်မှာ ကျနော်တို့က တွေ့ဖူးသမျှထဲမှာ အကြီးမားဆုံးစမ်းသပ်မှုကို အမှတ်မထင် လုပ်နေမိပါတယ် ” ဟု သူက ပြောသည်။ “တကယ်လို့ ကျနော်တို့က ကာဗွန် ထုတ်လွှတ်မှု နည်းပါးတဲ့ စီးပွားရေးကို ပြောင်းနိုင်ရင် အနာဂတ်မှာ ကျနော်တို့ မြင်ရနိုင်တဲ့ ကိစ္စတွေကို ကျနော်တို့ တွေ့နေရတာလား။ (ရောဂါကြောင့်) အသက် ဆုံးရှုံးမှုတွေကို တန်ဖိုးမထားလို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက ကျနော်တို့ကို ကြောက်မက်ဖွယ် ကောင်းတဲ့ အရာကနေ မျှော်လင့်ချက် တချို့ပေးကောင်းပေးနိုင်ပါလိမ့်မယ်။ ကျနော်တို့ ဘာရနိုင်လဲ ဆိုတာကို ကြည့်ဖို့ပါ။”
ဗြိတိန်အစိုးရ၏ လေထုအရည်အသွေးဆိုင်ရာ သိပ္ပံ အကြံပေးကော်မတီ ဥက္ကဌ ဟောင်း ဖြစ် သည့် Paul Monks က ရောဂါ ကြောင့်သေဆုံးရခြင်းများကို ပြန်လည်ကာမိနိုင်ဖွယ်ရာ မရှိသည့်တိုင် လေထုညစ်ညမ်းမှု လျော့ကျခြင်းတခုက ကျန်းမာရေး ဆိုင်ရာ အချို့သော အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း ပြောကြားခဲ့သည်။
“လေထုညစ်ညမ်းမှုလျှော့ချခြင်းက အားနည်း ထိခိုက်လွယ်တဲ့သူတွေ ဥပမာ အားဖြင့် ပန်းနာရင်ကျပ် ရောဂါ ခံစား နေရသူတွေအတွက် အကျိုးရှိစေပါတယ်” ဟု သူကပြောသည်။ “ ဒါက ရောဂါပျံ့နှံ့မှုကို လျှော့ချပေးနိုင်ပါတယ်။ လေထုညစ်ညမ်းမှု မြင့်မားခြင်းက ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ပိုမို ဆိုးရွားစေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒါက ဗိုင်းရပ်စ်ကို ပိုအားကောင်းစေပြီး ကိုယ်ခံစွမ်းအား ကျဆင်းစေလို့ ဖြစ်ပါတယ်”။
စိုက်ပျိုးရေး ကဏ္ဍ တွင်လည်း တိုးတက်မှု တခု ရလာနိုင်ကြောင်း အဘယ်ကြောင့်ဆိုသော် လေထုညစ်ညမ်းမှုက အပင်ကြီးထွားမှုကို နှောင့်နှေးစေသောကြောင့် ဖြစ်ကြောင်း သူက ထပ်ပြောသည်။
ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် (NO2) ကို ကုဗ ၁ မီတာတွင် ၂၀၀ မိုက်ခရို ဂရမ် အထက် ပါဝင်စုစည်း မိသည့် အချိန်တွင် အသက်ရှုလမ်းကြောင်း ရောင်ယမ်းမှု သိသိသာသာ ဖြစ်စေသည့် အဆိပ် ဖြစ်စေ သော ဓာတ်ငွေ့တမျိုး အဖြစ် ဖွင့်ဆိုထားသည်။ ညစ်ညမ်းသည့် အမှုန်များက ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ကူးစက်ပျံ့ပွား စေနိုင်သလို ရှိနှင့်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာများကို ပိုမိုဆိုးရွားစေနိုင်သည်။ ယခုအခါတွင် WHO က လေထုထဲမှ ညစ်ညမ်း အမှုန်များက Covid-19 ကို ပျံ့နှံ့စေရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိ နှင့် Covid-19 ကို ပိုမို ဆိုးရွားစေနိုင်ခြင်း ရှိ/မရှိ ကို စုံစမ်းစစ်ဆေးနေသည်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကြီးအကျယ် လျော့ကျမှုတခုကို ဇန်နဝါရီလနှောင်းပိုင်းက တင်းကျပ်စွာ ပိတ်ဆို့ခံထားရသည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ တွင် တွေ့ရနိုင်သည်။ လူဦးရေ ၁၁ သန်းရှိသော ၎င်းမြို့ သည် သယ်ယူပို့ဆောင်ရေးတွင် အဓိက အချက်အချာနေရာတခု ဖြစ်ပြီး ကမာ္ဘ့ ထောက်ပံ့ရေး ကွင်းဆက်သို့ သွားမည့် ကားအစိတ်အပိုင်းများနှင့် အခြား စက်ပစ္စည်းများ ထောက်ပံ့ပေးနေသော ရာနှင့်ချီသည့် စက်ရုံများ တည်ရှိရာ နေရာလည်း ဖြစ်သည်။ NASA ၏အဆိုအရ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်း တလျှောက်တွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် အဆင့်က ပုံမှန်ထက် ၁၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်း အထိ ပိုမိုနည်းပါးသွားခဲ့သည်။
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အမြောက်အများ ရှိသည့် အပြင် အိမ်နီးချင်း တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းများကြောင့် မီးခိုးထုတ်လွှတ်မှု မြင့်မားခြင်းနှင့် ခက်ခက်ခဲခဲ ရင်ဆိုင်နေရသော တောင်ကိုရီးယားနိုင်ငံတွင်လည်း နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် အဆင့် ကျဆင်းသွားခဲ့သည်။
တောင်ကိုရီးယား နိုင်ငံက ဒေသတခုလုံး ပိတ်ဆို့ ထားခြင်းမျိုးကို ရှောင်ရှားခဲ့သော်လည်း တိကျစွာ ခြေရာခံရှာဖွေခြင်းနှင့် သံသယရှိသော coronavirus ရောဂါဖြစ်ပွားမှုများကို သီးခြားခွဲထုတ် ထားခြင်းများ ပြုလုပ်ခဲ့သည်။
အီတလီမြောက်ပိုင်းမှ အပြောင်းအလဲများက အထူးပင် စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထူထပ်စွာရှိနေသော စက်မှုဇုန်များမှ ထွက်လာသည့် မီးခိုးများက Po တောင်ကြား၏ အဆုံးမှ Alps တောင်တန်းများတွင် ပိတ်မိနေပြီး ထိုနေရာကို အနောက်ဥရောပ၏ လေထု ညစ်ညမ်းမှု အဆိုးဆုံးနေရာများထဲမှ တခု ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။
မတ်လ ၉ ရက်တွင် တိုင်းပြည်ကို ပိတ်ဆို့မှု စတင်ခဲ့ပြီးနောက် Milan နှင့် အီတလီမြောက်ပိုင်းရှိ အခြားဒေသများတွင် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် အဆင့်က ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။ Copernicus Atmosphere Service မှ ဒါရိုက်တာ Vincent-Henri Peuch က “ဒါက တော်တော်လေး မကြုံစဖူးပါပဲ။ အရင်တုန်းကဆိုရင် ရာသီဥတုကြောင့် ကြီးမားတဲ့ အပြောင်းအလဲတွေကို တရက် သို့မဟုတ် တရက်နီးပါး ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အကြာကြီး ရှိနေခဲ့တဲ့ မီးခိုးထုတ်လွှတ်မှုနဲ့ ပတ်သက်တဲ့ ဘယ်လို လက္ခဏာမှ မရှိပါဘူး” ဟုပြောသည်။
အကြောင်းရင်းက ယခုချိန်ထိ မသဲကွဲသေးပါ။ ဖြစ်နိုင်ခြေတခုမှာ အီတလီနိုင်ငံ၏ စက်မှု အချက်အချာနေရာတွင် လှုပ်ရှားမှုများ နှေးကွေးနေခြင်း ဖြစ်သည်။ နောက်ထပ်တချက်မှာ ဥရောပတွင် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အများဆုံးဝေစုကို ရယူထားသည့် ယာဉ်အသွားအလာများ လျော့ကျသွားခြင်း ဖြစ်ဖွယ်ရာ ရှိပါသည်။
၎င်းသည် ဖြစ်စဉ် ပုံစံတခုဖြစ်ကြောင်း အတည်ပြုရန် အချိန်ကြာမြင့်စွာ အထပ်ထပ် လေ့လာရန် အချက်အလက်များ လိုအပ်သော်လည်း ပိတ်ဆို့မှုများ ပြုလုပ်နေပြီ ဖြစ်သော အခြားဥရောပမြို့များတွင် အလားတူ သင်္ကေတများကို ယခုအခါတွင် ဂြိုဟ်တုများက စတင်ရယူနေပြီ ဖြစ်သည် ဟု Vincent-Henri Peuch က ဆိုသည်။
ရောဂါပျံ့နှံ့မှုနှင့် အစိုးရ၏ တုန့်ပြန်မှု အပိုင်းတွင် ဗြိတိန်က အီတလီထက် တပတ်ကျော် နောက်ကျသော်လည်း လန်ဒန်ရှိ Marylebone ကဲ့သို့သော အဓိက နေရာများတွင် လေထုညစ်ညမ်းမှု အဆင့်များ သိသိသာသာ လျော့ကျသွားသည်ကို လမ်းဘေးမော်နီတာများက ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
ဗြိတိန်နိုင်ငံ၏ နိုက်ထရိုဂျင်အောက်ဆိုဒ် ထုတ်လွှတ်မှု ၈၀ ရာခိုင်နှုန်းခန့် လမ်းပေါ်မှ ယာဉ်များကြောင့် ဖြစ်သည် ဟု Paul Monks ကပြောသည်။ ပုံမှန် ဒီဇယ်ကားတစီးက ၁ ကီလိုမီတာ မမောင်းဘဲ နေလိုက်တိုင်း လေထုထဲသို့ ညစ်ညမ်း ပစ္စည်း ၅၂ မီလီဂရမ် ဝင်ရောက်သွင်းခြင်းမှ ရှောင်ရှားပြီးသား ဖြစ်သွားသည်။
“ကျနော်တို့ မဖြစ်မနေ သိခဲ့ရပြီ ဖြစ်တာကြောင့် ကျနော်တို့ရဲ့ အလုပ်လုပ်တဲ့ အလေ့ အထနဲ့ လူနေမှုပုံစံကို ပြောင်းလဲဖို့ အလားအလာ ကြီးမားစွာရှိတယ် ဆိုတဲ့ နားလည် သဘောပေါက်မှု ပေါ်ထွက်လာလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ရဲ့ ကားကို တကယ် မောင်းဖို့ လိုသလား၊ ဒါမှမဟုတ် အဲဒီအတွက် လောင်စာဆီတွေ မီးရှို့ဖို့ လိုသလား အနာဂတ်မှာ စဉ်းစားဖို့ ဒီဟာက ကျနော်တို့ကို စိန်ခေါ်နေပါတယ်” ဟု Paul Monks က ကပြောသည်။
ကိုးကား။ ။ The Guardian မှ The Pandemic Has Led to a Huge, Global Drop in Air Pollution
You may also like these stories:
အိုဇုန်းလွှာ ပျက်စီးမှု လျော့နည်းလာတာကို သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ရာသီဥတု ဖောက်ပြန်မှုကြောင့် အချင်းချင်း ပြန်စားနေရတဲ့ ပိုလာဝက်ဝံများ
စည်းကမ်းနဲ့ အရှက်မဲ့သူတွေကို ပညာလည်းပေး အရေးလည်းယူပါ