တောင်ဒဂုံမြို့နယ် အရှေ့ပိုင်း စက်မှုဇုန်ရှိ ထီးထုတ်လုပ်သည့် တရုတ်နိုင်ငံသားပိုင် Li Li Myat Oo စက်ရုံအလုပ်သမားများ ဥပဒေပါ အလုပ်သမား ခံစားခွင့် ရရှိရေး စက်ရုံ အပေါက်ဝကို ပိတ်ဆို့ကာ ယနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
၂ဝ၁၉ ခုနှစ် ၆ လပိုင်းက စတင်ခဲ့သည့် အဆိုပါ စက်ရုံသည် ယခုလပိုင်းအတွင်း အလုပ်သမားတချို့ကို အကြောင်း အမျိုးမျိုးပြကာ ထုတ်ပယ်ခဲ့သလို အလုပ်သမား နစ်နာကြေးများလည်း ပေးအပ်ခြင်း မရှိကြောင်း၊ ထို့ပြင် အလုပ် သမားများကို အလုပ်ခန့်ထားရာတွင်လည်း အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားရေး သဘောတူစာချုပ် (EC) ချုပ်ဆို ထားခြင်း မရှိကြောင်း သပိတ်မှောက် အလုပ်သမားများက ပြောသည်။
ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သည့် မသဉ္ဇာပြည့် က “သူတို့က အလုပ်သမားတွေကို တခါတည်း မထုတ်ဘူး။ တရက်ကို၂ ယောက်၊ ၃ ယောက် အဲဒီလို ထုတ်တာ။ ပြီးခဲ့တဲ့ လကုန်လောက်ထဲက စထုတ်တာ။ ၃ ရက် လုပ်ထားရင် ၃ ရက်စာ၊ တပတ်လုပ်ထားရင် တပတ်စာပဲ ပေးတယ်။ ကျန်တဲ့ နစ်နာကြေးတွေ ဘာမှမပေးဘူး။ အရင်တုန်းက အလုပ်သ မား ၆၀ ကျော်လုပ်ခဲ့ရာက သူတို့ ထုတ်လို့ အခုဆို အလုပ်သမား ၅၃ ယောက်ပဲ ကျန်တော့တယ်” ဟု ဆိုသည်။
ထို့ပြင် အလုပ်သမားများသည် အလုပ်မှ ထုတ်ခဲ့သူများကို ပြန်လည် ခန့်ထားရန်၊ ဥပဒေအတိုင်း သတ်မှတ်ထားသည့် ခွင့် ရက်များ ပေးရန်၊ အလုပ်ချိန်ကို ကျော်လွန်၍ မခိုင်းရန်၊ COVID-19 ကာကွယ်ရေးနှင့် ပတ်သက်ပြီး ကျန်းမာရေး စောင့် ရှောက်မှုများ အပြည့်အဝပေးရန်၊ ယခုလအတွင်း အစိုးရမှ ကြေညာထားသည့် ဧပြီ ၁ဝ ရက်မှ ၁၉ ရက်အတွင်း အိမ်ထဲတွင် သာ နေထိုင်ရန် ဖြစ်သည့်အချိန် ဖြစ်သဖြင့် အလုပ်ကို ဧပြီ ၈ ရက်မှ စတင် ပိတ်ပေးရန်တို့ကို တောင်းဆိုခဲ့ကြသည်။
သို့ရာတွင် အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်ရှင်၏ စကားပြန်များထံသို့ လုံခြုံရေးများမှ တဆင့် ဆက်သွယ်ရာတွင် စက်ရုံ အတွင်းမှ ထွက်မတွေ့သည့်အပြင် ၎င်းတို့၏ လက်ကိုင်ဖုန်းများကိုပင် ပိတ်ခဲ့ကြသည်။ ထို့အတွက် အလုပ်ရှင်ဘက်မှ မည် ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို ဆက်သွယ် မေးမြန်းခွင့် မရရှိခဲ့ပေ။
ထို့ပြင် အလုပ်ပျက်ရက်များနှင့် ပတ်သက်၍ ဖြတ်တောက်သည့် လခများမှာလည်း မဖြစ်သင့်သည့် ဖြတ်တောက်မှုများ ဖြစ် ကြောင်း၊ လစာ ၁၈ဝဝဝဝ ကျပ် ကျော်သာ ရရှိသည့်သူသည် ၅ ရက်လောက်မျှ အလုပ်ပျက်လျှင် အခါကြီးရက်ကြီးများနှင့် တနင်္ဂနွေလို အလုပ် ပိတ်ရက်များတွင်ပင် ဆင်းခဲ့သည့် နေ့တွက်ကြေးများကိုပါ မပေးတော့ကြောင်း အလုပ်သမားများက ပြောဆိုသည်။
အလုပ်သမားများ အနေဖြင့် အလုပ်ပိတ်ရက် OT ဆင်းသည့် အခါတွင်လည် ပုံမှန် ပေးအပ်ရမည့် ကျပ် ၉၆ဝဝ ပေးရမည် ကို မပေးသဖြင့် အလုပ်သမား ဝန်ကြီးဌာနသို့ သွားရောက် တိုင်ကြားခဲ့ရာ ထိုသူများကိုလည်း အလုပ်မှ ထုတ်ပယ်ခဲ့ပြီး တိုင်ချင်သည့် နေရာတွင် တိုင်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု အဆိုပါ စက်ရုံမှ လုပ်သက်ရင့် အလုပ်သမားဖြစ်သူ မသင်းသင်းမော်က ပြောသည်။
မသင်းသင်းမော် က “မနေ့က ကျမတို့ကို ရေသန့်ဗူးတောင် ပေးမသောက်ဘူး။ သူတို့ ရေစက်က ရေကို သောက်ခိုင်း တယ်။ အဲဒီရေက အိမ်သာပိုက်နဲ့ ဆက်ထားတော့ ကျမတို့က မသောက်နိုင်ဘူး။ အဲဒါကို ပြောတော့ မလုပ်ပေးဘူး” ဟု ဆိုသည်။
၎င်းက ဆက်ပြီး “အခု ကျန်းမာရေးအရ ကျမတို့က နှာခေါင်းစည်းတို့၊ စက်ရုံအတွင်း ပိုးသတ်ဆေး ဖြန်းပေးဖို့ တို့ကို ပြော တော့ ပိုင်ရှင်ဘက်က ကြိုက်တဲ့စက်ရုံ သွားလုပ်။ သူတို့တော့ မလုပ်ပေးနိုင်ဘူးတဲ့။ သူတို့က အမြဲရှုံးနေတဲ့ စက်ရုံတဲ့။ အဲဒီ လိုပဲ ပြောတယ်” ဟု ပြောသည်။
ယနေ့ညနေအထိ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းနေသည့် အခြေအနေတွင်သာ ရှိနေသေးပြီး စက်ရုံဘက်မှ အပြီးသတ် ဆုံးဖြတ်နိုင်သည့်သူများကို ဆက်လက်ခေါ်ယူ ဆွေးနွေးလျက်ရှိကြောင်း အဆိုပါ ဆန္ဒပြသပိတ်မှောက်ကြ သည့် အလုပ်သမားများဘက်မှ လိုက်ပါ ကူညီပေးနေသည့် ကိုမြတ်ကျော်က ပြောသည်။
လက်ရှိ အချိန်တွင် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် ပြေလည်စေရေး ညှိနှိုင်းဆောင်ရွက်နေသဖြင့် လတ် တလော မဖြေကြားနိုင်ကြောင်း၊ မိမိတု့ိ အနေဖြင့် ပြေလည်သည်အထိ ဖြေရှင်းသွားမည် ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် အလုပ်သမား ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။
You may also like these stories:
အလိုအလျောက် နည်းပညာကြောင့် အလုပ်ဆုံးရှုံးသူ ဝန်ထမ်းများကို ဗြိတိန်မှာ မွမ်းမံ သင်တန်းပေးမည်
မန္တလေး မင်္ဂလာ လက်တွန်း ထွန်စက် စက်ရုံ အလုပ်သမားသပိတ် ညှိနှိုင်းနေဆဲ
လစာမပေးဘဲ ထွက်ပြေးသူ အလုပ်ရှင်ကို အရေးယူပေးရန် အလုပ်သမားများ နေပြည်တော်တွင် လာရောက် တောင်းဆို