ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မိုင်းယန်းမြို့ထဲသို့ ဝင်ခွင့်မရသော ရခိုင်တိုင်းရင်းသား၂၇၀ ခန့်ကို မိုင်းလား လက်နက်ကိုင် အဖွဲ့ (NDAA) က ဧပြီလ ၅ ရက်တွင် မိုင်းလားဒေသ (ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄) သို့ ခေါ်ယူထားပြီး အလုပ် အကိုင်များ ပေးရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ရခိုင်တိုင်းရင်းသား ၂၇၀ ခန့်သည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်ပြီး တောလမ်းမှတဆင့် မြန် မာနိုင်ငံထဲ ပြန်လည် ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ထံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID –19) ပါလာမည်ကို မိုင်းယန်းမြို့ခံများက စိုးရိမ်ကာ မြို့ထဲ အဝင်မခံခြင်းလည်း ဖြစ်သည်။
အထူးဒေသ ၄ ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တဦးက “သူတို့ ဒီတိုင်းပဲ နေရင်တော့ အဆင်မပြေဘူးပေါ့။ အများစုက တော့ တနေ့လုပ်မှ တနေ့စား ဆိုတော့ အဲဒါကြောင့်မို့ ကျမတို့ ဒေသဘက်ကတော့ လက်ရှိ လုပ်ငန်းတွေ အကုန်ရပ်သွား တာ မဟုတ်တဲ့အတွက် လုပ်ငန်း လည်ပတ်နေတဲ့ နေရာမှာ နေရာ ချထားပြီး အဲဒီမှာ သူတို့ လုပ်ကိုင်လို့ရအောင် စီစဉ်ထား တယ်” ဟု ဧရာဝတီသို့ ပြောသည်။
NDAA ဗဟိုကော်မတီဝင် ဦးကြည်မြင့်က ရခိုင်တိုင်းရင်းသား ၂၇၀ ခန့်ကို လက်ရှိတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရ သူ ရှိမရှိ စောင့်ကြည့်ရန် ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်မှု ဆောင်ရွက်ထားကြောင်း ဧရာဝတီသို့ ပြောကြားသည်။
၎င်းက “ကျနော်တို့ကတော့ ခက်ခဲမှု ရှိတယ်။ သူတို့ကို စောင့်ကြည့်မယ်ဆိုရင် နေရာထိုင်ခင်းတွေ၊ စားရေးသောက်ရေး တွေ၊ ရောဂါ ကြည့်ရှုတဲ့ ကိစ္စရော။ နိုင်ငံတော်ဘက်ကလည်း ဘာမှလာတာ မတွေ့ဘူး။ လောလောဆယ် ကျနော်တို့ပဲ လုပ်ရတော့ ခက်နေတာပေါ့” ဟု ပြောဆိုသည်။
ထို တိုင်းရင်းသားများကို မိုင်းယန်းမြို့မှ ကားများဖြင့် ခေါ်ယူပြီး၊ ကိုယ်အပူချိန် တိုင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို အထူးဒေသ ၄ ကျန်းမာရေးဌာနက တာဝန်ယူ ဆောင်ရွက်ထားသည်။
ထိုသို့ ၁၄ ရက် ကျန်းမာရေးစောင့်ကြည့်မှု ပြုလုပ်ပြီးပါက အထူးဒေသ ၄ ၊ နမ့်ပန်းမြို့နယ်ရှိ မဲခေါင်မြစ် အနီးတွင် ကုန်တင် ကုန်ချ အလုပ်ပေးရန် စီစဉ်ထားကြောင်း အထူးဒေသ ၄ ကျန်းမာရေးဌာနက သိရသည်။
ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကမူ ရခိုင်တိုင်းရင်းသားများကို မိုင်းယန်းမြို့တွင် ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်ရန် အခက်အခဲများ ရှိသဖြင့် ၎င်းတို့ကို အထူးဒေသ ၄ တွင် ယာယီလက်ခံပေးရန် အထူးဒေသ ၄ တာဝန်ရှိ သူများနှင့် ညှိနှိုင်းခဲ့ကြောင်း ပြောဆိုသည်။
အထူးဒေသ ၄ တာဝန်ရှိသူများက ရခိုင် တိုင်းရင်းသားများကို အထူးဒေသ ၄ တွင် ၁၄ ရက် ကျန်းမာရေး စောင့်ကြည့်ပေး မည် ဟု ပြောဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “တာဝန်ရှိသူတွေနဲ့ ညှိတဲ့အခါကျတော့။ အထူးဒေသ ၄ တာဝန်ရှိသူတွေက ပြန်ခေါ်ပြီး သူတို့ဒေသမှာ Quarantine လုပ် မယ်။ ပြီးမှ ကျနော်တို့ ဆီကို ပြန်ပို့မယ်။ အဲဒီလိုတော့ ပြောတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ သို့ရောက်ရှိနေသည့် ရခိုင်တိုင်းရင်းသားများအား ၎င်းတို့နေထိုင်ရသည့် အခြေအ နေကို မေးမြန်းရန် ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းမပြန်သေးပေ။
COVID-19 အန္တရာယ် ကာကွယ်ရန် မိုင်းလားဒေသ (ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄) ၏ နယ်စပ်ဂိတ်များ အားလုံး မတ်လ ၂၉ ရက် ည ၁၂ နာရီမှ စ၍ NDAA အဖွဲ့က ပိတ်ထားသည်။
ရောဂါ ဖြစ်ပွားသည့်နိုင်ငံနှင့် ပြည်တွင်းမှ သွားလာသူများ မိုင်းလားဒေသ အတွင်း ဝင်ရောက်မှုကို ယာယီပိတ်ထားမည် ဖြစ်ပြီး အရေးပေါ် အခြေအနေအရ လာရောက်ရပါက မိုင်းလားအဖွဲ့၏ ဆက်ဆံရေးနှင့် ဆက်သွယ်ရေး ရုံးသို့ ၃ ရက် ကြိုတင် အကြောင်းကြားရမည် ဖြစ်ကြောင်း NDAA အဖွဲ့က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ချက်ထုတ်၍ ကြေညာထား သည်။
မိုင်းလားအဖွဲ့၏ ဆက်ဆံရေးနှင့် ဆက်သွယ်ရေးရုံးမှ အတည်ပြုပြီးနောက် လာရောက်သူများ၏ အမည်စာရင်းကို စစ်ဆေးရေး ဂိတ်များသို့ ပေးပို့သွားမည် ဖြစ်ပြီး လာရောက်သူများသည် သတ်မှတ်နေရာများတွင် မိမိအသုံးစရိတ်ဖြင့် ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်မှု ခံယူရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
NDAA အဖွဲ့ကို ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသမှ ခွဲထွက်လာသော ဦးစိုင်းလင်းက ဦးဆောင်ကာ အခြား တိုင်းရင်းသားများနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၁၉၈၉ ခုနှစ်၊ ဇွန် ၃ဝ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
စတင် တည်ထောင်သည့် ၁၉၈၉ ခုနှစ်တွင်ပင် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ကို ရှမ်းပြည် နယ် အရှေ့ပိုင်း အထူးဒေသ ၄ ဖြစ်သည့် မိုင်းလားဒေသတွင် အခြေစိုက်ထားသည်။
You may also like these stories:
COVID-19 ပိုးတွေ့လူနာ ဧည့်လမ်းညွှန်နှင့် ထိတွေ့ခဲ့သူ ၉၂ ဦးအား အိမ်ပြန်ခွင့်ပြု
မအူပင်တွင် COVID-19 ကိစ္စ ဆန္ဒပြမှု ဦးဆောင်သူကို ရဲတပ်ဖွဲ့ အမှုဖွင့်