ချင်းပြည်နယ် ပလက်ဝမြို့ အနီးဝန်းကျင်ရှိ ကုလားတန်မြစ် အရှေ့ဘက်ကမ်းရှိ တပ်မတော် တပ်ရင်းနှင့် အနောက်ဘက်ကမ်းရှိ AA တပ်ဖွဲ့တို့ အကြား ဧပြီ လ ၇ ရက် နံနက် ၈ နာရီ ဝန်းကျင်အချိန်က အပြန်အလှန် ပစ်ခတ်ရာမှ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
ပလက်ဝမြို့ခံ တဦးက “ တိုက်ပွဲက ဖြစ်နေတုန်းပဲ။လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေလည်း ကြားတယ်။ မနက်ပိုင်းကတော့ ကုလားတန်မြစ် အရှေ့ဘက်ကမ်းမှာ ရှိတဲ့ ၂၈၉ တပ်ရင်းနဲ့ အနောက်ဘက်ကမ်း အခြမ်းမှာရှိတဲ့ AA တို့ ဟိုဘက်၊ ဒီဘက် လှမ်းပစ်ခတ်ကြတယ်။ အခုတော့ တခြားဘက်တွေမှာလည်း ဖြစ်နေကြတယ်။ သေနတ်သံ တွေကတော့ တောင်ယာမီးရှို့သလို ပေါက်သံ တွေကြားတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ မနက်ပိုင်းကတည်းက ပလက်ဝမြို့ တဖက်ကမ်းရှိ တပ်မတော် ခြေလျင်တပ်ရင်း အမှတ် ( ၂၈၉ ) နှင့် ကုလားတန်မြစ် အနောက်ဘက်ခြမ်းတွင်ရှိသည့် AA အဖွဲ့တို့ နှစ်ဘက် အပြန်အလှန် လှမ်း၍ ပစ်ခတ်မှုများ ရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး ယနေ့ နေ့လည်ပိုင်းတွင် ပလက်ဝမြို့၏ တဖက်ကမ်း ပလက်ချောင်း အနီးဝန်းကျင် တွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားလျှက်ရှိကာ တပ်မတော်မှ တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်မှုများကို မြင်တွေ့ရကြောင်းလည်း သိရသည်။
ယင်းအပြင် မြို့၏ အနီးဝန်းကျင်ရှိ တောင်တန်းများအားလည်း ရဟတ်ယာဉ်များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများ ရှိသည့်အတွက် လက်ရှိအချိန်တွင် ပလက်ဝမြို့ အနောက်ဘက်တန်း တောင်တန်းများမှာ မီးလောင်နေကြောင်းလည်း မြို့ခံများက ပြောသည်။
ပလက်ဝမြို့ခံ တဦးက “တိုက်ပွဲကတော့ ပြင်းထန်နေတယ်လို့ ပြောလို့ရတယ်။ မြို့ရဲ့ တဖက်ကမ်း ပလက်ချောင်း ဘက်မှာလည်း လေယာဉ်တွေလည်း လာတိုက်တာရှိတယ်။ မြို့ရဲ့ အနောက်ခြမ်းမှာလည်း ဖြစ်နေကြတယ်။ အခုဆိုရင် ကျနော်တို့ မြို့အနောက်ဘက် တောင်တန်းမှာ မီးလောင်နေတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် ၊ အစိုးရအဖွဲ့ဝင် လျှစ်စစ်ဝန်ကြီး ဦးစိုးထက်ကပလက်ဝမြို့ အနီးဝန်းကျင်ရှိ ကုလားတန် မြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတို့တွင် နှစ်ဘက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ကြားသိရကြောင်း အတည်ပြုပြောကြားသည်။
ဝန်ကြီး ဦးစိုးထက်က “ လှုပ်ရှားမှု ( AA ) တွေကတော့ ဒီမှာ လနဲ့ချီပြီး ရှိနေတဲ့အခါ ကျတော့ အခု ဒီနေ့တော့ မနက် ကလည်း တောင်ပေါ်ကနေ တပ်ဘက်ကို လှမ်းပစ်တယ်ပြောတယ်။ ပစ်ပြီး နောက်ပိုင်းတော့ လေယာဉ်တွေ လာတယ် ထင်တယ်။ လေယာဉ်နဲ့ ပစ်တာခတ်တာအထိ ဖြစ်တယ် ထင်တယ်။ ကုလားတန်မြစ်ကို အရှေ့ခြမ်းနဲ့ အနောက်ခြမ်း မှာ ဖြစ်နေကြတာ။ အဝေးကလည်း ပစ်တာရှိတယ်။ အနီးကပ် တိုက်ပွဲလည်း ဖြစ်နေကြတယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ပလက်ဝမြို့၌ တစုံတရာ ထိခိုက်မှုမရှိသော်လည်း မြို့ပေါ် ရပ်ကွက်နေပြည် သူများမှာ စိုးရိမ်စိတ် များဖြင့် ဈေးဆိုင်ခန်းများကို ပိတ်ပြီး နေအိမ်များတွင် ကျီးလန့်စာစားဘဝဖြင့် နေထိုင်နေရကြောင်းလည်း မြို့ခံများက ပြောသည်။
အဆိုပါ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် မသိရှိသေးကြောင်း၊ ပြီးသော ရက်ပိုင်းအတွင်းက ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည့်အတွက် ယနေ့တွင်လည်း တိုက်ပွဲဖြစ်ပွားမှု ရှိကောင်း ရှိနိုင်သည်ဟု ယနေ့ နေ့လည်ပိုင်း က ဧရာဝတီသို့ ဖြေကြားသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အစပ်တွင် တည်ရှိသည့် မီးဝ ဗျူဟာကုန်း တိုက်ပွဲမှာ ပြီးခဲ့သော ဖေဖော်ဝါရီလ ဆန်းပိုင်းကတည်းက စတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရက်ပေါင်း ၄၀ ကျော်ထိ ကြာမြင်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
မတ်လ ၁၉ရက်နေ့ကမူ မီးဝဗျူဟာကုန်းကို သိမ်းပိုက်ရေး ကြိုးပမ်းနေသည့် ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ကြေညာခဲ့သည်။
မီးဝဗျူဟာကုန်း တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်မှ စတင်ပြီး ကျောက်တော်- ပလက်ဝ လိုင်းစက်လှေများမှာ ယနေ့အထိ ရပ်တန့်သွားခဲ့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာ အခက်ကြုံတွေ့နေ ရ သည်။
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း ချင်းတိုင်းရင်းသားများ အပါအဝင် ရခိုင်တိုင်းရင်းသားများလည်း နေထိုင်ကြပြီး မြို့နယ် တခုလုံး၏ လူဦးရေမှာ ၁ သိန်းကျော် ရှိကြောင်းလည်း ချင်းပြည်နယ် အစိုးရအဖွဲ့ ၏ စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
မီးဝဗျူဟာကုန်းကို သိမ်းရန် ကြိုးပမ်းသည့် AA တပ်ဖွဲ့များကို တိုက်ထုတ်နိုင်ပြီဟု တပ်မတော်ပြော
ကုလားတန်မြစ်ကြောင်းတိုက်ပွဲ တပ်ရင်းမှူး အပါအဝင် သုံ့ပန်း ၂၀ ဖမ်းဆီးရမိဟု AA ထုတ်ပြန်
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)