ကူးစက်မြန် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ COVID -19 ကာကွယ်နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်း အားလုံး ၁၀ ရက် ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံက သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ခရီးသည်တင် ယာဉ်လိုင်း အားလုံးကို ဧပြီလ ၁၀ ရက်ကနေ ၁၉ ရက်အထိ ၁၀ ရက် ပိတ်သွားမှာ ဖြစ်ပါ တယ်။ ဧရာဝတီတိုင်း အတွင်းကို ဆက်သွယ် သွားလာနေတဲ့ ယာဉ်လိုင်းတွေရော၊ တိုင်းအတွင်းက ယာဉ်လိုင်းတွေ အား လုံးကိုပါ ခေတ္တ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်အရ ကိုရိုနာဗိုင်း ရပ်စ် COVID -19 ကူးစက်မှု ကာကွယ်ရေးအတွက် ယခုလို အဝေးပြေးယာဉ်လိုင်းများ အားလုံး ယာယီ ပိတ်သိမ်းခြင်း ဖြစ်ပြီး ကုန်တင်ယာဉ်များနှင့် ကိုယ်ပိုင် ပုဂ္ဂလိက မော်တော်ယာဉ်များကို ပိတ်ပင်ခြင်း မရှိဘဲ သွားလာခွင့်ပြုသွားမည် ဖြစ် ကြောင်း သိရသည်။
ဝန်ကြီး ဦးဝင်းဌေးက“ကုန်တင်ယာဉ်တွေနဲ့ ပုဂ္ဂလိက အိမ်စီးယာဉ်တွေကိုတော့ သွားလာခွင့် ပြုသွားမှာပါ။ သို့သော် အိမ်စီး ယာဉ်တွေ အနေနဲ့ ကားတစီးမှာ ဒရိုင်ဘာ အပါအဝင် လူ ၇ ဦးထက် ပိုပြီး စီးနင်းတာ မလုပ်ဖို့ တားမြစ်သွားမှာပါ။ ခရီးသွား ပြည်သူများ အနေနဲ့လည်း ကိုရိုနာရောဂါ ကာကွယ်ရေးအတွက် အခုလို ဆောင်ရွက်ရတဲ့အပေါ် သည်းခံ နားလည်ပေးဖို့ ပြောလိုပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများ အားလုံး ရပ်နားမည် ဖြစ်သော်လည်း ကုန်စည် စီးဆင်းမှုများ မပြတ်တောက်စေရန် တိုင်းအတွင်း ဆောင်ရွက်နေသော လပွတ္တာကျွန်းကုန်း တံတားစီမံကိန်းနှင့် ဝါးခယ်မမြို့နယ်ရှိ ရွှေလောင်း တံတားစီမံကိန်းတို့တွင် ပြေးဆွဲနေသည့် မြစ်ကူးဇက် ရေယာဉ်များမှာ ယခင်အတိုင်း ဆက်လက် ပြေးဆွဲ နေမည် ဖြစ်ကြောင်း တိုင်းအစိုးရက ပြောသည်။
မန္တလေးမြို့နှင့် ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်သို့ ပြေးဆွဲနေသည့် မန္တလေး -ပုသိမ် ယာဉ်လိုင်းများအားလုံးမှာ ဧပြီလ ၆ ရက်မှ စတင်၍ ရပ်နားခဲ့ပြီး ဧရာဝတီတိုင်းမှ အခြားသော တိုင်းဒေသကြီးများသို့ ပြေးဆွဲနေသော မော်တော်ယာဉ် လိုင်း အများစုမှာလည်း ခရီးသည် အလွန်နည်းပါးနေသည့် အတွက် ပိတ်သိမ်းထားပြီး ဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်၊ လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲမှု ကြီးကြပ်ရေး ကော်မတီဝင် ဦးနေမင်းက “လက်ရှိက ခရီးသွားလာသူ အရမ်းနည်းပါတယ်။ ခရီးသည်တွေက ကိုယ့်ဘာသာ Lock Down ချထားသလို ဖြစ်နေတယ်။ မန္တလေးကားလိုင်းတွေဆို ပိတ်သွားပြီ။ ပုသိမ်- ရန်ကုန်လိုင်းတွေလည်း အများစုက ပိတ်ထားတယ်။ ပြေးဆွဲတဲ့ကား ဆိုရင် လည်း ခရီးသည် ၅ ယောက် ၆ ယောက်လောက်နဲ့ ထွက်နေရတယ်။ ယာဉ်လိုင်း အားလုံးရဲ့ ၅ ပုံ ၁ ပုံလောက်က ပိတ်ထား ကြပါပြီ” ဟု ပြောသည်။
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ပြည်၊ မော်လမြိုင်နှင့် မြဝတီမြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်း ၄၆ လိုင်း ရှိကြောင်း သိရသည်။
ထို့ပြင် ပုသိမ်မြို့မှ ဧရာဝတီတိုင်း အတွင်းရှိမြို့များ ဖြစ်သော ဟင်္သာတ၊ မြန်အောင်၊ လေးမျက်နှာ၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာ၊ သာပေါင်း၊ မော်လမြိုင် ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ မအူပင်၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့များသို့ ပြေးဆွဲနေ သော မော်တော်ယာဉ် လိုင်းပေါင်း ၅၄ လိုင်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မတ်လ၂၃ ရက်မှ ဧပြီလ ၆ ရက်အထိ ၁၅ ရက်တာ ကာလအတွင်း ကူးစက်မြန် COVID -19 ဖြစ်ပွားသူ၂၂ ဦး တွေ့ရှိထားပြီး အဆိုပါ လူနာများအနက် အသက် ၆၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ခရီးသည်တင်ယာဉ်လိုင်းများအား မန္တလေးမြို့တွင်းသို့ ဝင်ရောက်ခွင့် တားမြစ်