သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားစာရင်း ကောက်ယူရာတွင် အမှန်တကယ် လက်လုပ် လက်စားသမားများ ပါဝင်ရန်နှင့် အဂတိတရားကင်းစွာ ကောက်ယူရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား မှာကြား ထား ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး က “မိမိနဲ့ အဆင်မပြေတဲ့သူဆို စာရင်းချန်ခဲ့ပြီး၊ အဆင်ပြေတဲ့သူဆိုရင် အခြေခံ လူတန်းစား မဟုတ်ဘဲ စာရင်းထဲ ထည့်တာမျိုး၊ ဒါမျိုးတွေ မဖြစ်ဖို့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တွေ့ဆုံပွဲမှာ ရော၊ အခု တွေ့ဆုံပွဲမှာပါ အဂတိ တရားကင်းရှင်းဖို့ မှာကြားတာပါ” ဟု သတင်းထောက်များကို ပြောသည်။
ယနေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ရှိ မြို့နယ် စုပေါင်းရုံးတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေး တရပ်ပြု လုပ်၍ အထက်ပါ အတိုင်း မှာကြားခဲ့သည်။
ထိုသို့ စာရင်းကောက်ယူရာတွင် ဧပြီ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် အပြီးသတ် ကောက်ပေးရမည် ဖြစ်ကြောင်း၊ စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု အရေအတွက် သတ်မှတ်ထားခြင်း မရှိဘဲ၊ အိမ်ထောင်ဦးစီးကို အဓိက ကြည့်ရမည် ဖြစ် ကြောင်းနှင့် အမှန်တကယ် လက်လုပ်လက်စားများ စာရင်း ပါဝင်ရန် လိုကြောင်း ဦးသိုက်ဝေဖြိုးက ဆိုသည်။
၎င်းက “မဖြစ်မနေ ထည့်ရမှာက ပန်းရံ၊ နေ့စားတွေ၊ ခြံအလုပ်သမားတွေ၊ ဆိုက်ကားသမားတွေ၊ ကား စပယ်ရာတွေ၊ နောက် ဆုံး ကျူးကျော်တွေ ပါတယ်” ဟု ပြောသည်။
ထိုသို့ စာရင်း ကောက်ခံရာတွင် လူမှုရေး ဥက္ကဋ္ဌ (သို့မဟုတ်) လူမှုရေးအသင်း အဖွဲ့မှ ၁ ယောက်၊ ရာအိမ်မှုး ၁ ယောက်၊ ဆယ်အိမ်မှူး (သို့မဟုတ်) ရပ်မိရပ်ဖ၊ ပရဟိတ အသင်းမှ လူငယ်များနှင့် မတူညီသည့် အသင်းအဖွဲ့မှ သူများနှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက်၊ ရာအိမ်မှူး ဦးကျော်အေးက “စာရင်းကောက်တဲ့အခါ အနည်းဆုံး ၅ ယောက် ကောက်မှာ ဖြစ်တဲ့အတွက် အဂတိကင်းစင်ဖို့ အတွက် အထောက်အကူ ဖြစ်သွားနိုင်ပါတယ်။ ငါးယောက်ဖြစ်တဲ့ အတွက် တယောက်နဲ့ တယောက် စိတ်သဘောထား မတိုက်ဆိုင်တော့ဘူး။ ညှိလို့လည်း မရနိုင်တော့ အဂတိက ကင်းသွားပြီ” ဟု သတင်းထောက်များကို ပြောသည်။
ပျဉ်းမနားမြို့ ရွာကောက် ရပ်ကွက် လက်လုပ်လက်စား မိသားစု ဖြစ်သည့် ဒေါ်အေးကြည်က “အမေတို့ မိသားစုက ညနေ ပိုင်း အကြော်ရောင်းတယ်။ ဒါပဲ လုပ်စားလာတာ။ အဆင်ပြေတဲ့အထဲ မပါပေမယ့် ထမင်းနပ် မှန်ပါတယ်။ ပေးရင်လည်း ယူ မယ်။ မပေးရင်လည်း မယူရုံပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ရပ်/ကျေးအဆင့် စာရင်းများကို မြို့နယ်သို့ ဧပြီလ ၈ ရက် မွန်းလွဲပိုင်းအမီ ကောက်ယူပေးပို့ရမည် ဖြစ်ပြီး ကောက်ယူ ရရှိ ထားသည့် စာရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ နေပြည်တော် ကောင်စီသို့ ဧပြီလ ၉ ရက်အပြီး ပေးပို့ရမည်ဟု သိရ သည်။
ပျဉ်းမနားမြို့တွင် ကျေးရွာ ၁၄၀ ရွာ၊ ရပ်ကွက် ၇ ခု၊ လူဦးရေ ၁၇၆၀၀၀ ကျော် ရှိပြီး နေပြည်တော် ၈ မြို့နယ်တွင် လူဦးရေ ၁ သန်းကျော် ရှိပြီး၊ နေထိုင်သည့် လူဦးရေ ထက်ဝက်ခန့်မှာ ကျေးရွာများတွင် နေထိုင်ကြောင်း နေပြည်တော် စည်ပင် သာယာရေး ကော်မတီ၏ စာရင်းများ အရသိရသည်။
နေပြည်တော်ကောင်စီသို့ ကောက်ယူ ရရှိသည့် စာရင်းများ ရောက်ရှိပါက ထောက်ပံ့ပစ္စည်းများ နေ့ချင်းပြီး အိမ်အရောက် လိုက်လံ ပို့ဆောင်မည်ဖြစ်ပြီး အဂတိ လိုက်စားမှု မရှိစေရေး အတွက် စာရင်းကောက်ယူရေး အဖွဲ့တွင် ပါသင့် ပါထိုက်သူ များ ပါဝင်စေရန် ဖွဲ့စည်းထားကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။
အခြေခံ လူတန်းစားများ အတွက် ဆန်၊ဆီ၊ဆား အပါအဝင် ထောက်ပံ့ကူညီမှု ၅ မျိုးကို ဧပြီလ ၁၀ ရက်မှ စတင်ပြီး အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ဧပြီ ၆ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။
ထို့ပြင် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ် အထိ ငွေကြေး ကောက်ခံမှုကိုလည်း ဧပြီလကုန်အထိ ကင်းလွတ်ခွင့် ပြုမည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်၌ ပါရှိသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 အတွက် တပ်ချုပ် အပါအဝင် တပ်မတော်သားများက ကျပ်၂ ဘီလီယံကျော်လှူဒါန်း
COVID-19 ကြောင့် စက်ရုံ အချို့ဧပြီလအတွက် ခွင့်ရက်ရှည်ပေး