COVID-19 ပိုးတွေ့လူနာ ၁ ဦး ဖြစ်သည့် ပေါက်ခေါင်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးနော်ထွယ်သည် ယနေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၄၀ က ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားပြီ ဖြစ်ကြောင်း ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက မီဒီယာများကို အတည်ပြုပြောကြားသည်။
ဒုဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးက “ဒီမနက် ၃ နာရီ မိနစ် ၄၀ မှာဆုံးတာပါ။ အဆုတ်ကို ထိတာ နည်းနည်း ပြင်းထန်တယ်။ အသက်ရှုနှုန်းကျတယ် နာရေးကတော့ ကျမတို့ ပြည်ပရဟိတအဖွဲ့ တွေနဲ့ ချိတ်ဆက်လုပ်ဆောင်မယ်။ မနေ့ကတုန်းက မနက်ခင်းထိ သူပုံမှန်အသက်ရှုတယ်။ မနက် ၁၀-၁၁ နာရီလောက်စပြီး Oxygen Situation ကျလာတယ်။ နေပြည်တော်က အထူးကြပ်မတ်ကုသအဖွဲ့ကလည်း လာကုသပေးတယ် အသက်ရှုစက်တပ်တယ်။ ကုတယ်။ နေပြည်တော်အဖွဲ့၊ ပဲခူးတိုင်းအဖွဲ့ကရော တောက်လျှောက်ကုခဲ့တာပါ”ဟု ပြောသည်။
သေဆုံးသူမှာ ၎င်း၏ အမျိုးသမီးဖြစ်သူ COVID-19 ရောဂါပိုးတွေ့ရှိ Case 15 အမျိုးသမီးလူနာနှင့် ထိတွေ့ခဲ့ရာမှ ပိုးကူးစက်ခံရခြင်း ဖြစ်သည်။
၎င်းအပါအဝင် အသက် ၁၁ နှစ်အရွယ်သား၊ ၉ နှစ်အရွယ်သမီးနှင့် ၁၈ နှစ်အရွယ် တူမတို့ထံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ၃ ဦးမှာ အဖျားလုံးဝ မရှိဘဲ အခြေအနေ ကောင်းမွန်သည်ဟု သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဧပြီ ၆ နှင့် ၇ ရက် သတင်းထုတ်ပြန်ချက်များတွင် ပြည်ဆေးရုံကြီးရှိ လူနာ ၁ ဦးအား အထူးကြပ်မတ်ကုသနေသည်ဟု သတင်းထုတ်ပြန်ခဲ့သေးသည်။
ဆက်စပ်လင့်
ပေါက်ခေါင်းရှိ ပိုးတွေ့လူနာနှင့် တွေ့ခဲ့သူများကို Facility Quarantine ဖြင့် စောင့်ကြည့်
ကိုဗစ်-၁၉ ပေါက်ခေါင်းလူနာ၏ခွေး အသက်ချမ်းသာရာရ