စစ်ကိုင်းတိုင်း ဒေသကြီး ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောရွာတွင် နိုင်ငံခြားမှ ပြန်လာပြီး Quarantine ဝင်နေသူများကို အလှည့်ကျ စောင့်ကြည့်ရန် ငြင်းဆိုသည့် ဆယ်အိမ်မှူးအား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ဖြင့် တရားစွဲဆိုထားကြောင်း သတင်း ရရှိသည်။
ဒီပဲယင်းမြို့နယ်ရှိ နယ်မြေ စခန်းမှူးက”ဘာကြောင့်ငြင်းဆိုလဲဆိုတော့ အုပ်ချုပ်ရေးမှူးကနေသူ့ကို တာဝန်ပေးတယ်။ အမှန်တော့ သူက ကူးစက်မှာကြောက်တယ်လို့ ငြင်းဆိုတာလို့တော့ အဲ့ဒီလို ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် သက်သေနှစ်ဦးကို စစ်ဆေးနေဆဲဖြစ်သည့် အတွက်ကြောင့် မည်သို့ အမိန့်ချမည်ကို မသိရှိသေးကြောင်း ၎င်းက ဆိုသည်။
ပြည်ပမှ ပြန်လာသူများကို ၁၄ ရက် Quarantine ထားရှိသည့် ဖုတ္ထန်းတောရွာ အလယ်တန်း ကျောင်း၌ ဒီပဲယင်း မြို့နယ် COVIDd-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ တာဝန်ပေးထားသည့် ညပိုင်းအလှည့်ကျ တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်ခဲ့သဖြင့် တိုင်းအဆင့် ကော်မတီထံသို့ တင်ပြခဲ့သည်ဟု သိရသည်။
တာဝန်ပျက်ကွက်ခဲ့သည့် ဆယ်အိမ်မှူးကို ဥပဒေနှင့်အညီ လုပ်ဆောင်ရန် ညွန်ကြားချက်ပေး သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး ဒုဦးစီးမှူး ဦးအောင်ဖြိုးသူက တရားလိုပြုလုပ်၍ မူးကမ်းကြီး နယ်မြေရဲစခန်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၈ (ခ)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ပြောသည်။
၎င်းက”ရပ်/ကျေး အုပ်ချုပ်ရေးမှူးကနေ Quarantine တာဝန်ချတဲ့အချိန်မှာ သူဆောင်ရွက် ရမယ့် တာဝန်ကို ထမ်းဆောင် ခြင်း မရှိတဲ့အတွက် ဧပြီ ၆ ရက်နေ့က တရားစွဲခဲ့တာပါ”ဟုလည်း ပြောဆိုသည်။
ဒီပဲယင်းမြို့နယ်တွင် လက်ရှိ ပြည်ပမှ ပြန်လာပြီး Quarantine ဝင်နေသူ ၂ ဦးသာရှိကြောင်း၊ မြို့နယ် အတွင်း ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၁ သိန်း ၇ သောင်းကျော် ရှိကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ထံ မှ သိရသည်။
အလားတူ ယင်းမာပင်မြို့နယ် ချောင်းဆုံကျေးရွာနေ ဦးဌေးကျော်သည် မတ်လ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ ပြန်လာသဖြင့် မတ်လ၂၇ ရက်နေ့၌ ကျေးရွာ အလယ်တန်းကျောင်း၌ သီးခြား စောင့်ကြပ်ထားရှိစဉ် နာမကျန်း ဖြစ်လာသဖြင့် ယင်းမာပင် မြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့သည်။
လူနာ ဦးဌေးကျော် အတွက် လူနာစောင့်အဖြစ် ထားရှိသူ ဇော်ဝင်းသည် လူနာစောင့်များ ဆောင် ရန်၊ ရှောင်ရန် များကို အသိပေးထားသော်လည်း ဆေးရုံဝင်းအတွင်း လှည့်လည်သွားလာခြင်း၊ ဈေးဆိုင်များသို့ သွားရောက် ဈေးဝယ်ခြင်း၊ ဆေးရုံဝင်း အတွင်းရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လူနာစောင့် ဇော်ဝင်းကို ဒေသန္တရ အမိန့်အား ဖောက်ဖျက်ကျူးလွန်သဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ အရ အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ထိုတိုင်ကြားမှုအပေါ် ယင်းမာပင်မြို့နယ်တရားရုံးက တရားခံ ဇော်ဝင်းကို သဘာဝ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀(က)အရ ထောင်ဒဏ် ၆ လ ကျခံစေရန် ဧပြီလ ၆ ရက်နေ့တွင် အပြီးသတ်အမိန့် ချလိုက်ကြောင်း စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှု ပေါင်း ၇ မှု ရှိပြီဖြစ်သည်။
၎င်းတို့မှာ ပုလဲမြို့နယ်တွင် စည်းကမ်းဖောက်ဖျက်မှု၊ တမူးမြို့နယ်တွင် မင်္ဂလာပွဲ ကျင်းပသည့် အမှု၊ ရေဦးမြို့နယ်တွင် ဆေးစစ်မခံဘဲ ထွက်ပြေးသည့်အမှု၊ ခင်ဦးတွင် အလှူပွဲပြုလုပ်သည့် အမှု၊ ဒီပဲယင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆိုသည့်အမှုနှင့် ယင်းမာပင်မြို့နယ်တွင် စည်းကမ်း ဖောက်ဖျက်သည့် အမှုတို့ ဖြစ်သည်။
ပြည်ပမှ ပြန်လာပြီး Quarantine ဝင်နေသူများသည် COVID-19 နှင့် ပတ်သက်ပြီး အစိုးရ ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသူများကို တရားစွဲဆို ထောင်ချ အရေးယူခြင်းများ ပြုလုပ် နေပြီ ဖြစ်သည်။
You may also like these stories:
Quarantine နေရမည့်သူများ ကြည်ဖြူစွာနေရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း
Quarantine Center ကို ပိတ်ထားသည့် မြို့နယ်ထွေအုပ်အား အစိုးရအဖွဲ့ထံ တိုင်ကြား