ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တိုက်ပွဲကြား အရပ်သား ၇ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိထားသည်ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင် ဝန်ကြီး ဦးစိုးထက်က ဧရာဝတီကို ပြောသည်။
ဦးစိုးထက်က“မနေ့က (နန်းချောင်းဝမှာ) သေတာကတော့ ၇ ယောက်ပါ၊ ဒဏ်ရာရတာကတော့ ၈ ယောက်လို့ သိရပါ တယ်။ အခု ဆေးရုံရောက်ပြီးတော့ ဆေးကုသမှု လုပ်နေပါတယ်။ လေယာဉ်ပျံကနေ ရန်သူရှိတဲ့ နေရာကို ပစ်ရင်း ထိကြ တာပါ”ဟု ပြောပြသည်။
သေဆုံးသူ အရပ်သား ၇ ဦးနှင့် ဒဏ်ရာ ရသူ ၈ ဦးမှာ ပလက်ဝမြို့နယ် နန်းချောင်းဝကျေးရွာမှ ဒေသခံများ ဖြစ်ပြီး တပ်မတော်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးရခြင်း ဖြစ်သည်ဟု သိရသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးအနက် အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး ပါဝင်ပြီး ကျန်သူများ မှာ အသက် ၂၂ နှစ်မှ ၃၉ နှစ်ကြား အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးဖြစ်သည်ဟု ဆိုသည်။
နန်းချောင်းဝက ဒဏ်ရာရရှိသူ ၈ ဦးထဲတွင် ၃ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ပါဝင်ကြောင်း၊ ကျန် ၅ ဦးမှာ အသက် ၁၈ နှစ်မှ ၆၂ နှစ်ကြား အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
ကျန် ဒဏ်ရာရရှိထားသူ ၁ ဦးမှာ ပလက်ဝမြို့အနီး ကုလားတန် မြစ်ကူးတံတား စီမံကိန်းတွင် အလုပ်လုပ် နေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသား ပန်းရန်ဆရာ ဖြစ်ပြီး ၎င်းမှာ တံတားပေါ်တွင် အလုပ်လုပ်နေ စဉ် ရင်ဘတ်သို့ ကျည်ဆန် ထိမှန်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒဏ်ရာရရှိသူ ၉ ဦးလုံးမှာ လက်ရှိတွင် ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ရောက်ရှိနေပြီ ဖြစ်သော်လည်း ခွဲစိတ် ဆရာဝန် မရှိသဖြင့် ကျည်စများကို ခန္ဒာကိုယ်အတွင်းမှ ထုတ်ယူ ကုသနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဦးစိုးထက်က“ဆေးရုံကလည်း ခွဲစိတ်ပါရဂူ မရှိတော့ သူတို့ကို သက်သာအောင်ပဲ လုပ်နေရတယ်။ မနေ့က အထိတော့ သတိမေ့တာ ရှိတယ်လို့ ပြောတယ်။ ဒီနေ့ မထူးခြားရင်တော့ မင်းတပ်ဘက်ကို ရွှေ့ဖို့ ကျနော်တို့ လုပ်နေပါတယ်။ ရင်ဘတ်ကို ထိပြီး အဆုတ်ကို ထိတယ်လို့ ပြောပါတယ်ခင်ဗျ။ အဲ့ဒါက ကုလားတန် စီမံကိန်း အလုပ်သမားပါခင်ဗျ”ဟု ပြောသည်။
နန်းချောင်းဝ ကျေးရွာမှ ထွက်ပြေးလာသူ အမျိုးသားတဦးက ၎င်းတို့ ရွာနှင့် ၁ မိုင်ခန့်သာ ဝေးသည့် နေရာ တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဧပြီ ၇ ရက် ညနေ ၄ နာရီခန့်တွင် လေကြောင်းမှ ပစ်ခတ်ခံရခြင်း ဖြစ်သည် ဟု ပြောဆိုသည်။
၎င်းက“အိမ်မီးလောင်တာ ၉ လုံးပါ။ ဆန်စက်ပါ လောင်သွားတယ်”ဟုလည်း ပြောဆိုသည်။
လေကြောင်း ပစ်ခတ်ခံရမှု ဖြစ်ပွားပြီး ဧပြီ ၇ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် နန်းချောင်းဝ ကျေးရွာမှ ဒေသခံ ၁၈၅ ဦးမှာ နေလကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ကာ ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံ နေကြ သည်ဟု သိရသည်။
ဆက်လက်ပြီး အဆိုပါ ထွက်ပြေးလာသည့် အမျိုးသားက“လူနာထဲမှာ ၂ယောက်က ဒဏ်ရာ ပြင်းပါတယ်။ ကျနော့် အဒေါ် တယောက်က ဒဏ်ရာ ပိုကြီးတယ်။ သွေးသွင်းနေရတယ်။ လက်မောင်းတွေ ခြေသလုံးတွေ မှာ သူတို့ထိတယ်။ အသက် ၃နှစ်နဲ့ ၁၂နှစ်ကတော့ ကျည်ဆန် ထိတာ မဟုတ်ဘူး။ မီးလောင်တော့ တိုးပြီး ထွက်ပြေးရင်း မီးလောင်ဒဏ်ရာ ရတာပါ”ဟု ပြောဆိုသည်။
ထိုအမျိုးသားက ၎င်းတို့ တရွာလုံး ထွက်ပြေးလာကြရသဖြင့် ကျေးရွာများ အနီးတွင် တိုက်ပွဲများ မဖြစ်ကြရန် နှစ်ဖက် တပ်ဖွဲ့ကို တောင်းဆိုလိုပါသည်ဟုလည်း ပြောသည်။
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်သည်။
ဦးစိုးထက်က ပလက်ဝဒေသ တည်ငြိမ်အေးချမ်းရေးသည် AA မရှိတော့မှသာ ဖြစ်နိုင်မည်ဟုလည်း ပြောသည်။
ဧပြီ ၇ ရက်က ပလက်ဝမြို့နယ် ကုလားတန်မြစ်တကြောတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး လက်နက် ကြီးကျည်များ ကျသဖြင့် ပလက်ဝမြို့စွန်တွင်လည်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ပလက်ဝမြို့ အင်္ဂလိကန်အသင်းတော်မှ ကယ်ဆယ်ရေးတာဝန်ခံ ဦးဘုထန်ပိုင်ကလည်း ဧပြီ ၇ ရက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများမှာ ပလက်ဝမြို့နှင့် တမိုင်ခန့်ပင် မဝေးသည့် နေရာများတွင် ပစ်ခတ်နေကြခြင်း ဖြစ်သည်ဟု ပြောသည်။
ဦးဘုထန်ပိုင်က“တော်တော်လေး စိုးရိမ်ရတယ်။ မနေ့က ပလက်ဝ နားမှာတောင် မီးလောင် တယ်။ လက်နက်ကြီး ပစ်လို့ ။ ညမှာ ပလက်ဝကို မီးမရောက်ဘဲ ငြိမ်းသွားလို့ တော်သေးတယ်။ ပလက်ဝနဲ့ ၁ ဖာ လုံ ပဲ ဝေးတယ်၊ ပစ်နေတဲ့ နေရာတွေ က မြင်နေရတယ်”ဟု ပြောပြသည်။
ပလက်ဝမြို့မှ ကုလားတန်မြစ်ကို ကူးလျှင် ရောက်သည့် အရှေ့ဘက်ကမ်းရှိ မီးလက်ဝ ကျေးရွာ အနီးတဝိုက် တောင်ကုန်း များတွင်လည်း ပစ်ခတ်မှုများ ဖြစ်နေသည်ကို ကြားနေရသည်ဟု ဦးဘုထန်ပိုင်က ပြောသည်။
ပလက်ဝမြို့ အရှေ့ဘက်ကမ်းတွင် တပ်မတော်၏ ခြေလျင် တပ်ရင်း (ခလရ) ၂၈၉ တပ်စခန်းရှိပြီး ထိုနေရာ အနီးတဝိုက် တွင် မတ်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ပလက်ဝမြို့နယ်တွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခ သည် ဦးရေမှာ မတ်လအထိ ၁၇၀၀ ကျော် ရှိခဲ့သည်။
ယခု ဧပြီလတွင် ဒုက္ခသည်ဦးရေ ထပ်မံတိုးလာပြီး ပလက်ဝမြို့တွင် ယခုအခါ စစ်ဘေးရှောင် ဒုက္ခသည် ၂၃၀၀ ကျော် ရှိပြီ ဟု သိရသည်။
ထို ၂၃၀၀ ကျော် ဦးရေမှာ ပလက်ဝမြို့ပေါ်သို့ ပြေးလာကြသူများသာ ဖြစ်ပြီး နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြသူ များလည်း ရှိသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောဆိုချက်အရ ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၃၈၀ ကျော်ရှိပြီး လူဦးရေ ၁ သိန်းကျော် နေထိုင်ရာ ၆ သောင်းခန့်မှာ စစ်ဘေးဒဏ် သင့်နေသူများ ဖြစ်သည်ဟု သိရသည်။
You may also like these stories:
ပလက်ဝက စစ်ရှောင် ၁ ရာကျော်ကို ဒုသမ္မတ၏ ရွာတွင်နေရာချပေး
တိုက်ပွဲဖြစ်မည်စိုး၍ ပလက်ဝဒေသခံ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်