နေပြည်တော်ရှိ COVID-19 အတည်ပြုလူနာ ဆွစ်ဇာလန်နိုင်ငံသူ ၂ ကြိမ်ဆက်တိုက် ဆေးစစ်ချက်အရ ပိုးမတွေ့( Neg ative) သဖြင့် ဆေးရုံဆင်း ခွင့်ပြုပြီးပါက နေပြည်တော်ရှိ ဟိုတယ် ၁ ခုတွင် ၁၄ ရက်စောင့်ကြည့်မှု ပြုလုပ်သွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
“သူ့ကို ဒုတိယအကြိမ် စစ်ဆေးတာက Negative (ပိုးမတွေ့) ဖြစ်သွားပြီလေ။သူက ကောင်းလာပြီဆို တော့ အခု ၁ ရက် ၂ ရက် အတွင်း ဆေးရုံက ဆင်းရတော့မှာပါ” ဟု နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ပပ က ဧရာဝတီသို့ ပြောသည်။
အဆိုပါ လူနာ ဆေးရုံက ဆင်းပြီးပါက Hotel Quarantine အနေဖြင့် ၂ ပတ် နေရမည်ဖြစ်ပြီး ထိုရက်ပြည့်ပါကလည်း ကုတင် (၁၀၀၀) ဆေးရုံသို့ ပြန်၍ ပြရမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
“နေပြည်တော်အတွက် Hotel Quarantine လုပ်ဖို့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီမှာ ၁၄ ရက်စောင့်ကြည့်ပြီး အဲဒီမှာပဲ ထားမှာပါ” ဟု နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ဧရာဝတီကို ပြော သည်။
အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူ ကို Hotel Quarantine ထားမည့် ကာလတွင် အခန်းထဲတွင်သာ နေထိုင်ခြင်း ပြုရမည်ဖြစ်ပြီး အခန်းတွင်းမှ အပြင်ထွက်ခွင့် မရှိကြောင်း၊ တနေ့ ၃ ကြိမ် စားစရာနှင့် ဆေးကို အခန်းဝ ရှိ စားပွဲခုံတွင်တင်ထားမည် ဖြစ်ပြီး ၎င်းအား ထမင်းယူရန် မက်ဆေ့ပို့၍ အကြောင်းကြားမည် ဖြစ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ရှင်းပြသည်။
အဆိုပါ ဟိုတယ်သည် Hotel Quarantine လုပ်ရန်အတွက် သီးသန့် ပြင်ဆင်ထားသည့် ဟိုတယ်ဖြစ်ကြောင်း၊ ယင်း ဟိုတယ်တွင် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ အမြဲတမ်းရှိနေကြောင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ နယ်စပ်ဒေသမှ ပြန်လည် ရောက်ရှိလာပါကလည်း အဆိုပါ ဟိုတယ်တွင် Quarantine လုပ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ရှင်းပြသည်။
၎င်း က ဆက်လက်၍ “အဲဒီ ဟိုတယ်မှာ Quarantine လုပ်ထားတဲ့ သူ နယ်စပ်က ပြန်လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ခန့်မှန်း ၂၀ လောက် ရှိပါတယ်။ သူလာတုန်းက နေပြည်တော် လေဆိပ်မှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်နဲ့ ကျန်းမာ ရေးဝန်ထမ်းတွေလည်း အဲဒီမှာ ၂ ပတ်နေလိုက်ရသေးတယ်။ အခုတော့ ပြည့်သွားပါပြီ” ဟု ဆိုသည်။
အဆိုပါ ဆွစ်ဇာလန်နိုင်ငံသူမှာ အသက် ၅၈ နှစ် အရွယ်ဖြစ်ပြီး၊ လူနာနံပါတ် ၇ ဖြစ်ပြီး မတ်လ၂၆ ရက်နေ့မှ စတင်၍ ကု တင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် ကုတင် (၁၀၀၀ ) ဆေးရုံတွင် သီးသန့်ဆောင်ထား၍ ကုသမှု ပေးခဲ့သည့် ဦးရေမှာ ဆွစ်ဇာလန်နိုင်ငံသူ အပါ အဝင် ၄ ဦးဖြစ်ကြောင်း၊ လက်ရှိတွင် ပိုးတွေ့ရှိသူမှာ အဆိုပါ အမျိုးသမီး ၁ ဦးသာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ပပ ကရှင်းပြသည်။
သို့သော်လည်း ယနေ့ မနက်ပိုင်းက ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးကို သံသယ လူနာအဖြစ် စောင့်ကြည့်နေကြောင်း ပိုးရှိ၊ မရှိ စစ်ဆေးသည့် အဖြေ ယနေ့ ညနေပိုင်းတွင် အဖြေထွက်မည် ဖြစ်ကြောင်း နေပြည်တော် ကုတင် (၁၀၀၀)မှ သိရ သည်။
ဆက်စပ်လင့်
ဘယ်လောက် ဖြစ်လာဦးမလဲ ကျနော်တို့ မှန်းဆလို့ မရပါဘူး
ဒီပဲယင်း၌ Quarantine ဝင်သူများကို စောင့်ကြည့်ရန် ငြင်းသည့် ဆယ်အိမ်မှူး တရားစွဲခံရ