ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ဆေးရုံတွင် COVID-19 ရောဂါကူးစက်ခံရပြီး ဆုံးပါးသွားသည့် လူနာအမှတ် ၁၇ အမျိုး သား၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို နိုင်ငံတော်က အပြည့်အဝ စောင့်ရှောက်ပါမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ပါဝင် ဆောင်ရွက်နေသည့် မကွေးတိုင်း ဒေသကြီးမှ ပြည်သူများနှင့် အွန်လိုင်းမှ Video Call ဖြင့် ဆွေးနွေးစဉ် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
၎င်းက “ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို န်ိုင်ငံတော်က အပြည့်အဝ စောင့်ရှောက်ပါမယ်။ ဒါဟာ နိုင်ငံတော်ရဲ့တာဝန် ဖြစ် တယ်။ ကျမတို့ ပြည်သူ တယောက်ချင်း တယောက်ချင်းက နိုင်ငံတော်အတွက် တန်ဖိုးရှိပါတယ်။ တယောက်ချင်း တယောက်ချင်းကို ကျမတို့ တန်ဖိုးထားပြီးတော့ တတ်နိုင်သမျှ ကြည့်ရှုပါမယ်။ စောင့်ရှောက်ပါမယ်” ဟု ပြောသည်။
ပြည်မြို့ဆေးရုံတွင် COVID-19 ရောဂါ ကူးစက်ခံရပြီး ဆုံးပါးသွားသည့် အမျိုးသားသည် ဦးနော်ထွယ် (၄၇ နှစ်)ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၏ ဒု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး တဦး ဖြစ်ကာ၎င်း၏ အမျိုးသမီးမှာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းတခုတွင် အလုပ် လုပ်ကိုင်နေသည့် သူနာပြု ဆရာမ ဖြစ်သည်။
ထိုသူနာပြုဆရာမက နိုင်ငံခြားသားများ ဆေးလာစစ်သည့်အခါ ဝန်ဆောင်မှု ပေးရသူ ဖြစ်ပြီး ၎င်းက COVID-19 ရောဂါ ပိုး စတင် ကူးစက်ခံရခြင်း ဖြစ်သည်။ ရောဂါကူးစက်ခံထားရသည့် သူနာပြု ဆရာမမှာ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ လူနာ အမှတ် ၁၅ ဖြစ်သည်။
လူနာအမှတ် ၁၅ မှ တဆင့် ၎င်း၏ အမျိုးသား၊ ၈ နှစ်နှင့် ၁၁ အရွယ် သားနှင့်သမီး၊ အသက် ၁၈ နှစ် အရွယ် တူမ တော်စပ်သူတို့ ထပ်မံ ကူးစက်ခံရခြင်း ဖြစ်သည်။
ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိချိန်တွင် သူနာပြု ဆရာမက ရန်ကုန်တွင် ရှိနေသဖြင့် ရန်ကုန်မြို့၊ ဝေဘာဂီ ဆေးရုံ တွင် ဆေးကုသမှု ခံယူနေရသည်။
ထပ်မံ ကူးစက်ခံရသည့် ပေါက်ခေါင်းမြို့မှ မိသားစုဝင် ၄ ဦးမှာ နီးစပ်သည့် ပြည်မြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေ ရာမှ အမျိုးသား ဖြစ်သူက ယနေ့ မနက်တွင် ဆုံးပါးသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်ဆေးရုံမှာ ဆုံးသွားတဲ့ ကျမတို့ နိုင်ငံသားတယောက် ပြည်သူတယောက်အတွက် စိတ်မကောင်းဘူး။ စိတ်မကောင်းရုံနဲ့ မပြီးဘူး။ ကျမတို့မှာ ဆက်ပြီးတော့ တာဝန်တွေ ရှိတယ်။ နောက်ထပ် ဆိုးဝါးမှု တွေ မရှိအောင် ကျမတို့ ကြိုးစားရမယ်” ဟု ပြောသည်။
ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးမှ ဒု ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုး၏ ပြောဆိုချက်အရ သေဆုံးသွားသည့် လူနာအမှတ် ၁၇ ၏ သားသမီး ၂ ဦးနှင့် တူမတို့မှာ အဖျားမရှိတော့ဘဲ ကျန်းမာရေး ကောင်းမွန်နေပြီဟု သိရသည်။
ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကလည်း လူနာအမှတ် ၁၇ ၏ ကျန်ရစ်သည့် သား၊ သမီးနှင့် တူမတို့ ဖြစ်သည့် လူနာ အမှတ် ၁၈ ၊ ၁၉ ၊ ၂၀ တို့ကို ပြည်မြို့ ဆေး ရုံမှ မိခင်ရှိရာ ရန်ကုန်မြို့ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီ ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေး သားထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးကလည်း လူနာအမှတ် ၁၇ ၏ ကျန်ရစ်ခဲ့သည့် သားသမီးများကို အတတ်နိုင်ဆုံး စောင့်ရှောက် ပံ့ပိုးကူညီပါမည်ဟု ၎င်း၏ တရားဝင် အသုံးပြုသည့် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထို့ပြင် ကျန်ရစ်ခဲ့သည့် မိသားစု၏ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းကိုလည်း အမြန် ဆောင်ရွက်ပေးပါမည် ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် လူနာအမှတ် ၁၆ အမျိုးသမီး မှာလည်း ဆုံးပါးသွားသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့ တောရိုင်းတိရစာ္ဆန် ဈေးကွက်မှ စတင် ကူးစက်ခဲ့သည့် COVID-19 ဗိုင်းရပ်စ်ပိုးသည် တကမာ္ဘ လုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်က စတင် ကူးစက်ခံရခဲ့သည်။
လက်ရှိ အချိန်ထိ ကူးစက်ခံထားရသူ ၂၂ ဦး ရှိပြီး ထိုထဲမှ ၃ ဦး အသက်ဆုံးပါး သွားပြီ ဖြစ်သည်။
ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ရောဂါပိုး ကူးစက်မှုမှ ကာကွယ်ရန် နှာခေါင်းစည်း (Mask) များ တပ်ကြရန် ၊ လက် ကို မကြာခဏ ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောကြရန် အကြံပြုထားသည်။
ပြည်တွင်းတွင် နှာခေါင်းစည်းများ ဝယ်ယူရန် ပစ္စည်း ပြတ်လပ်မှုများ ကြုံတွေ့နေရပြီး အဆမတန် ဈေးတင်ရောင်းမှုများ လည်း ရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်က ဈေးတင်ရောင်းနေသူများကို ဥပဒေအရ အရေးယူမည်ဟု ပြောဆိုထားပြီး အိမ်တွင် ချည် ပိတ်စဖြင့် ချုပ်သည့် Mask များမှာ အရည်အသွေး မီမမီကိုလည်း စမ်းသပ်ရန် ပြင်ဆင်နေသည်ဟု ပြောဆိုထားသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း COVID-19 နှင့့် ပတ်သက်၍ ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်ကြောင်း မတ် ၃၀ က အမိန့်ကြေညာစာ ထုတ်လိုက်သည်။
အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်ထားသည်ကို ဈေးတင်ရောင်းခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် အပြင် ကျပ် ၅ သိန်းထက် မပိုသည့် ငွေဒဏ် ကိုလည်း ချမှတ်နိုင်ကြောင်း အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ပိုးတွေ့လူနာ ပေါက်ခေါင်းမြို့နယ်ဒုအုပ်ချုပ်ရေးမှူး သေဆုံး