ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာအလုပ်သမား ၆၀ ကျော်ကို နိုင်ငံသို့ ပြန်လည်ခေါ်ယူရန် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာသံရုံး (ဘေဂျင်း) ထံမှ သိရသည်။
လက်ရှိအချိန်တွင် ဝူဟန်မြို့၌ အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့ထားသည့် အစီအစဉ်များ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ခြင်းကြောင့် ယင်းမြို့တွင် ပိတ်မိခဲ့သော မြန်မာလုပ်သားများကို နေရပ်ပြန် ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြန်မာသံရုံး(ဘေဂျင်း) မှ အကြီးတန်းအရာရှိတဦးက ဧရာဝတီ သို့ ပြောသည်။
၎င်းက “ သူတို့တွေက အရင်က ဝူဟန်ကနေ ထွက်ခွင့် မရသေးလို့ဆိုပြီး နေနေရတဲ့သူတွေပေါ့။ အခုတော့ သက်ဆိုင်ရာရဲဌာနတွေ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။
ထိုလုပ်သားများသည် နယ်စပ်မှ တဆင့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်သော တရားမဝင် အလုပ်သမားများဖြစ်ပြီး ထိုလုပ်သားများအပြင် ဘေဂျင်းမြို့ဝန်းကျင်ရှိ မြန်မာလုပ်သမား ၃၀ ကျော်ကိုလည်း လေကြောင်းလိုင်းဖြင့် ပြန်လည်ခေါ်ယူရန်လည်း လုပ်ဆောင်လျက်ရှိကြောင်း မြန်မာသံရုံး(ပေကျင်း) ထံမှ သိရသည်။
မြန်မာသံရုံး(ဘေဂျင်း) သို့ နေရပ်ပြန်ရန် ဆက်သွယ်လာသော တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ်၊ ဝေးဟိုင်ခရိုင်၊ ဝမ်သမ်းမြို့တွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၄၂ ဦးမှာလည်း မြန်မာ- တရုတ် နယ်စပ် ချင်းရွှေဟော်ဂိတ်သို့ ဧပြီလ ၁၀ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာ အလုပ်သမားများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အစီအစဉ်များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် ၎င်းတို့ နေရပ်ပြန်မည့် ကိစ္စရပ် ဆောင်ရွက်သွားမည် ဖြစ်သည်။
တရုတ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် COVID -19 ရောဂါ စတင်ဖြစ်ပွားခဲ့သော အချိန် ၂၀၂၀ နှစ်စပိုင်းမှ ယနေ့ အချိန်အထိ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော တရားဝင်၊ တရားမဝင် အလုပ်သမားပေါင်း ၁၀၀၀ ဝန်း ကျင်ကို မူဆယ် နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ တဆင့် ပြန်လည်ပို့ဆောင်ထားပြီးဖြစ်ကြောင်း မြန်မာသံရုံး (ဘေဂျင်း)ထံမှ သိရသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် သည် ကူးစက်ပြန့်နှံ့နှုန်း လျော့ကျလာလျက်ရှိပြီး ဧပြီ ၈ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရောဂါပိုးရှိသူ ၈ သောင်းကျော်၊ ပြန်ကောင်းလူသူ ၇၇၀၀၀ ကျော် နှင့် သေဆုံးသူ ၃ ထောင် ကျော်ရှိပြီး အမေရိကန်ပြည်ထောင်စုသည် ကူးစက်ခံရသူပေါင်း ၄ သိန်းနီးပါးဖြင့် အများဆုံးကူးစက်ခံရသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထံမှ သိရသည်။
မြန်မာနိုင်ငံတွင်လည်း ကိုရိုနာ ဗိုင်းရပ်စ် ပိုးရှိသူ ၂၂ ယောက် အထိ တွေ့ရှိထားပြီး ယင်းထဲမှ ၃ ဦးသည် သေဆုံးသွားပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
တရုတ်ထောင်၌ ကိုရိုနာ ကူးစက်ခံရသည့် မြန်မာဟုဆိုသူ ၂ ဦး ဆေးရုံမှ ဆင်း
ဝူဟန်တွင် ပိတ်မိနေသည့် မြန်မာကျောင်းသား ၆၀ ကျော်ကို ယနေ့ သွားခေါ်မည်
ဝူဟန်မြို့ တွင် ကျန်နေသည့် မြန်မာများအခြေအနေ ဆက်သွယ်မေးမြန်းချက်