ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာတွင် ဧပြီလ ၇ ရက်နေ့ ညနေ ၇ နာရီ ဝန်းကျင်က လူငယ် ၁ ဦး ကျည်ဆန်ထိမှန်၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ကျည်ထိမှန်၍ ဒဏ်ရာရရှိသူမှာ အသက် ၁၇ နှစ်အရွယ် ကိုညီအောင်ခန့် ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းက အိမ်ရှေ့ တွင် ထိုင်နေစဉ် ကျည်ထိခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးသန်းလွင်က ပြောသည်။
ဒဏ်ရာရသူ ကိုညီအောင်ခန့်၏ ဖခင် ဦးသန်းလွင်က “မနေ့က ညနေ ၇နာရီ ဝန်းကျင်လောက်မှာ ကျနော်တို့ တီဗွီထိုင် ကြည့်နေကြတယ်။ ကျနော့်သားက အိမ်ရှေ့ထွက်ပြီး ထိုင်တဲ့အချိန် သေနတ်ပစ်သံတွေ ကြားတယ်။ ခဏငြိမ်သွားတယ်။ နောက်ထပ် ပစ်သံတွေကြားတယ်။ သားက အိမ်ထဲ ပြေးဝင်လာပြီး ရေလာသောက်ချိန် သူ့ ကျောကုန်းမှာ သွေးတွေ ထွက် နေတယ်။ သားလေး မင်းကျောကုန်းမှာ ဘာလဲ သွေးတွေလား ဆိုမှ သူကျည်ဆန် မှန်တာကို သိတာ” ဟု ဧရာဝတီသို့ ပြောသည်။
ကာယကံရှင် မိသားစုဝင်များကတော့ မည်သည့်နေရာက ပစ်ခတ်သည်ကို မသိရှိသော် လည်း သေနတ်သံများမှာ ကျေးရွာ အနီးတွင် ရှိသည့် ၃၇၄ ခြေမြန်တပ်ရင်းဘက်မှ ကြားရသည်ဟု ဆိုသည်။
“ဘယ်က ပစ်တယ်ဆိုတာကျနော်တို့လည်း အတိအကျ မသိဘူး။ သေနတ်သံတွေက အမှတ်၃၇၄ တပ်ရင်းနားက စံကား တောင်ပေါ်ကနေ ကြားရတယ်။ မနေ့က တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဘာကြောင့် ပစ်တယ်ဆို တာလည်း ကျနော်တို့ မသိနိုင်ဘူး” ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားသည်။
ယင်းဖြစ်စဉ်ကို တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား မေးမြန်းရာ ယမန်နေ့က ကျောက် တော်မြို့နယ်အတွင်း အဆိုပါ ဖြစ်စဉ်မျိုး ဖြစ်ပွားမှု မရှိကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
လမ်းမတော်ရွာသည် ကျောက်တော်မြို့ တဘက်ကမ်းတွင် ရှိပြီး ဒေသခံရွာသူတချို့မှာလည်း တပ်မတော်သားများနှင့် အိမ် ထောင်ကျကာ တပ်မတော်သားများနှင့် ရွာသားများမှာ အပြန်အလှန် ရင်းနှီးခင်မင်မှု ရှိကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ကျောကုန်း၌ ကျည်ထိသော ကိုညီအောင်ခန့်အား ကျောက်တော်ဆေးရုံမှ တဆင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားပြီး အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရသည်။
ဧပြီလ ၃ ရက်နေ့ ညနေပိုင်းကလည်း ကျောက်တော်မြို့ဝင် ကစ္ဆပနဒီတံတား အနီးတွင် လက်နက်ကြီး ငယ် များဖြင့် ပစ်ခတ်မှုများဖြစ်ပွား၍ အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သော ရက်ပိုင်း ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ကလည်း ကျောက်တော်မြို့ ပေါ်တွင် လက်နက်ကြီး ၊ ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်း ကျောက်တော်မြို့ပေါ် လူနေရပ်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ လည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့ပေ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယတန်းကျောင်သားလေး ၁ ဦး သေဆုံးကာ မွတ်စလင် အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန်
ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွား