ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ လူနာတွေ့ရှိခဲ့ရာ ကပ်တဲလ်ရွာကို Lockdown ၁၄ ရက် သတ်မှတ်ထားသည်မှာ ဧပြီ ၅ ရက်နေ့က ပြည့်ခဲ့သော်လည်း လူအများ၏ စိုးရိမ်ကြောင့်ကြမှုများ ဆက်လက် ရှိနေသဖြင့် ၇ ရက် ထပ်မံ တိုးလိုက်ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ စည်ပင်ဝန်ကြီး ဦးစိုးထက်က” ကျနော်တို့က ဆရာဝန်တွေ၊ ပါရဂူတွေရဲ့ သုံးသပ် ချက်ပေါ့။ နောက်ထပ် လိုအပ်ချက် ရှိလိမ့်မယ်ဆိုပြီး ဒါကို စီစဉ်တာပါ။ လူတွေက အားလုံး စိုးရိမ်ကြောင့်ကြမှု ရှိတာကြောင့် တပတ်လောက် စောင့်ကြည့်လိုက်တာ ပိုကောင်းမယ် ဆိုပြီးတော့ ထပ်တိုးလိုက်ရတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့သည့် လူနာမှာလည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး ဆေးစစ်ချက် ထပ်မံယူရန် မနေ့(ဧပြီလ ၇ရက်)က ရန်ကုန်သို့ နှာခေါင်းတို့ဖတ် နမူနာ ပေးပို့ထားကြောင်း၊ ထိုလူနာနံပါတ် ၁ နှင့် ထိတွေ့ဆက်စပ်သူ ၃၆ ဦးရှိကြောင်း၊ ထို ၃၆ ဦးကိုလည်း ဆေးစစ်မှု မလုပ်ထားသော်လည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။
ကပ်တဲလ်ရွာ အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်က”ကျနော်တို့အုပ်ချုပ်ရေးပိုင်းက ရက်တိုးတာ ဘာမှမဖြစ်ဘူး။ တခုပဲ စိုးရိမ်တာ။ ဒီမှာက တောင်ယာလုပ်ကြတော့ ဒီအချိန်က အစေ့ထုတ်ပြောင်း စိုက်တဲ့အချိန်၊ မျိုးစေ့ချတဲ့အချိန်၊ မိုးရွာပြီဆိုရင်တော့ မျိုးစေ့မချဖြစ်ရင် ၁ နှစ်စာ နောက်ကျမှာ ဖြစ်တယ်။ အဲဒီအတွက်တော့ နည်းနည်း စိုးရိမ်ရ တယ်။ ကျန်တဲ့အပိုင်းတော့ အတတ်နိုင်ဆုံး ထိန်းထားတယ်”ဟု ပြောသည်။
၃၆ နှစ်အရွယ် လူနာ အမှတ် ၁ သည် မတ် ၁၃ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ဖျား ခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်း စသည့် လက္ခဏာများ ခံစားခဲ့ရပြီးနောက် ဆေးစစ်မှု ပြုလုပ်ခဲ့ရာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့သို့ ပိုးရှိကြောင်း ကြေညာခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ စပြီး ပိုးတွေ့သူလူနာအား တီးတိန်ပြည်သူ့ ဆေးရုံပို့ဆောင်ကာ သီးသန့်ခန်းအတွင်း၌ စောင့်ကြည့်ကုသမှု ပြုလုပ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနက ရောဂါပိုးတွေ့ရှိကြောင်း ကြေညာလိုက်သည်နှင့် တပြိုင်နက်ထဲ ကပ်တဲလ်ရွာကို ဝင်ထွက်သွားလာခွင့် ၁၄ ရက် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ကပ်တဲလ်ရွာတွင် အိမ်ခြေ ၆၉၂ အိမ်ရှိပြီး လူဦးရေ ၃၆၆၀ ရှိပြီး ဒေသခံများက တောင်ယာလုပ်ငန်းဖြင့် အသက်မွေး ကြသည်ဟု သိရသည်။
တီးတိန်မြို့နယ်တွင် မတ်လအတွင်းက Quarantine ဝင်သူ ၄၀၀ ဦးခန့်ရှိရာမှ ၁၄ ရက်ပြည့်သဖြင့် နေအိမ်သို့ ပြန်သွားကြပြီဖြစ်ရာ လက်ရှိ Quarantine ဝင်နေသူပေါင်း ၁၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဘတ်ဂျက်အခက်အခဲ မရှိစေရန် ပြည်ထောင်စုအစိုးရမှ ပြည်နယ်နှင့်တိုင်းများကို သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ပေးအပ်ထား သည့် ငွေကျပ် တစ်ဘီလီယံကို ချင်းပြည်နယ်အစိုးရအား သုံးစွဲခွင့်ပေးထားသည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
ကပ်တဲလ် ချင်းရွာ၊ တီးတိန်နဲ့ ကလေးမြို့ အဝင်အထွက် ပိတ်
အပြင်လည်း ပေးမထွက်ဘူး၊ ဆန်လည်း မလာဘူး၊ ကျန်းမာရေးအတွက်လည်း လုပ်ပေးထားတာ မရှိဘူး
ကပ်တဲလ်ရွာကို ချင်းအစိုးရက ပိုးသတ်ဆေးဖြန်းပြီး ဆန်အိတ် ၁၀၀ လှူ