COVID-19 ရောဂါ ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများကို စောင့်ကြပ် စစ်ဆေးသည့်အနေဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် ကသာတွင် လုပ်ဆောင်ထားသည့် Quarantine ၁၄ ရက်ဝင်သူ အချို့ကို ယနေ့(ဧပြီလ ၈ရက်နေ့) တွင် သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့များသာမက အချို့မြို့များတွင်လည်း နေရပ်ပြန်ခွင့်ပြုမှုများ ရှိနေပြီဟုလည်း သတင်းများအရ သိရသည်။
ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ထားရှိသည့် Case No-04 နှင့် ထိတွေ့ခဲ့သူနှင့် ဆက်စပ် သူ ၅၇ ဦးအား စောင့်ကြည့်ကာလ ၁၄ရက်ပြည့်သဖြင့် ယနေ့ နေ့လည်ပိုင်းက နေအိမ်သို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ကျန်းမာရေး ထောက်ခံချက်ဖြင့် နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ဗန်းမောက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက “ပိုးတွေ့လူနာနံပါတ် ၄ နဲ့ ထိတွေ့ခဲ့တာက သူ တဦး ထဲပါ။ ကျန်တာတွေက ဆက်စပ်သူတွေပေါ့။ မတ် ၂၃ ရက်နေ့မှာ လူနာနံပါတ် ၄ နဲ့ သူ ထိတွေ့ခဲ့တယ်ဆိုပြီး သူ့ကိုယ်သူ သံသယရှိတဲ့အတွက် ရွာကိုအကြောင်းကြားတယ်။ ရွာကနေတဆင့် မြို့နယ်ပြီးမှ တိုင်းကို သတင်းပို့တယ်။ တိုင်းက ဗန်းမောက်မှာပဲထားပါဆိုလို့ ဗန်းမောက်မြို့နယ် ဆေးရုံမှာ ထားတယ်”ဟု ပြောသည်။
ဗန်းမောက်မြို့နယ်သို့ ဝင်ရောက်လာသူများကို မြို့အဝင် ပညာရေးဝန်ထမ်းများ ထားရှိသည့် နေအိမ်များတွင် စောင့်ကြည့် ကာလအဖြစ် ၁၄ ရက်ထားရှိကာ ထိုကာလအတွင်း နေထိုင်သူများကို ရပ်ရွာမှ အလှည့်ကျ စောင့်ကြည့်ကာ စားသောက် မှုအတွက် စီစဉ်ပေးသည်ဟု သိရသည်။
“သူက မန္တလေးမှာ အလုပ်လုပ်တယ်။ လူနာနံပါတ် ၄ အလုပ် လုပ်တဲ့ ဆေးခန်းမှာ ကိုယ်ပူတိုင်းတာတို့၊ သွေးတိုင်းတာတို့ သွားလုပ်ဖူးခဲ့တာ။ သူက နံပါတ် ၄ နဲ့ ထိတွေ့ခဲ့ တော့ သူနဲ့အတူ ကားပေါ်မှာပါလာတဲ့ သူတွေနဲ့ လာကြိုတဲ့သူတွေပါ ၁၄ ရက်ထားလိုက်တယ်။ သူ့ကိုတော့ ဆေးရုံမှာ စောင့်ကြည့်ထားပြီး ကျန်တဲ့သူတွေကိုတော့ ရွာထိပ်က ပညာရေးဝန်ထမ်း နေအိမ်မှာ ထားတယ်” ဗန်းမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ဟု ပြောသည်။
ဗန်းမောက်မြို့နယ်တွင် စောင့်ကြည့်ကာလ မပြည့်သေး၍ ဆက်လက် စောင့်ကြည့်နေဆဲ ၃၀ ဦးခန့်ရှိသည်။
ယင်းမြို့နယ်သည် ကျေးရွာပေါင်း ၂၂၃ ရွာရှိပြီး လူဦးရေ ၁ သိန်း ၁ သောင်းကျော်ရှိကာ တရုတ်နယ်စပ်သို့ သွားရောက် အလုပ်လုပ်ကိုင်သူ များစွာ ရှိသလို ဖားကန့်သို့ သွားရောက် အလုပ်လုပ်ကိုင်သူများလည်း ရှိကြောင်း သိရသည်။
အလားတူ ယနေ့ နေပြည်တော်ကောင်စီ နယ်မြေတွင်လည်း ပြည်ပမှ ပြန်လာပြီး Facility Quarantine ၁၄ ရက် စောင့်ကြည့်မှု ခံယူနေသည့် လူဦးရေ ၁ ထောင်ကျော် ရှိသည့်အနက် ၅၇ ဦးကို နေအိမ်သို့ ပြန်ခွင့်ပြုခဲ့သည်။
ထို ၅၇ ဦးသည် ဒက္ခိဏသီရိတွင် ၂၀ ဦး၊ ဗုဗ္ပသီရိတွင် ၂၇ ဦးနှင့် ဇေယျာသီရိတွင် ၁၀ ဦးတို့ဖြစ်သည်ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ Hotel Quarantine ပြုလုပ်ထားသည့် နေရာ ၉ ခုတွင်လည်း ၆၆၄ ဦးရှိရာမှ ၁၅၄ ဦးက ၁၄ရက် ပြည့်သဖြင့် နေအိမ်အသီးသီးသို့ ပြန်သွားကြောင်း ရန်ကုန်တိုင်းအစိုးရထံမှ သိရသည်။
ထို့အပြင် နေရပ်ဒေသအသီးသီးမှ ရန်ကုန်သို့ ပြန်ရောက်လာသည့် Facility Quarantine ပြုလုပ်ထားရာ နေရာ ၁၈ ခုတွင် ၂၀၅၉ ဦးရှိသည့်အနက် ၁၇၆ ဦးသည် ဧပြီလ ၈ ရက်နေ့တွင် နေရပ်သို့ ပြန်ခွင့်ပေးလိုက်ပြီဟု ရန်ကုန်တိုင်း လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ဆိုသည်။
ထိုသို့ ပြန်ခွင့်ပြုသူများမှာ Quarantine ကာလအတွင်း မည်သည့် ဖျားနာခြင်း၊ ထူးခြားခြင်းများမှ မရှိသဖြင့် ပြန်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဧပြီ ၈ ရက်နေ့ ညနေပိုင်း အထိ ပိုးတွေ့လူနာ ၂၁ ဦး ရှိသည့် အနက် ၁ ဦးမှာ မကြာသေးမီက ဆုံးပါးသွားခဲ့ပြီး ပေါက်ခေါင်းမြို့နယ်နှင့် ရန်ကုန်မြို့ရှိ လူနာ ၂ ဦးမှာ ယနေ့ မနက်ပိုင်းက ဆုံးပါးသွားပြီ ဖြစ်သည်။
You may also like these stories:
လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်
သံသယလူနာ တွေ့သည်ဟုဆိုကာ နေပြည်တော် ဝန်ကြီးဌာန ရုံး ၂ ရုံး ယာယီပိတ်
ပလက်ဝတွင် နိုင်ငံခြားပြန် Quarantine ဝင်သူ ၄၅ ဦးအနက် ၁၆ ဦးကျန်ရှိ