သတင်း

အမ်းတွင် လက်နက်ကြီးကျ အရပ်သား ၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇုကိုင်း ကျေးရွာအုပ်စု ဆင်ဦးတိုက်ရွာအတွင်း ဧပြီလ ၈ ရက် ညနေ ၇ နာရီကျော်က လက်နက်ကြီးကျည်များ ကျသဖြင့် ရွာသား ၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ လက်နက်ကြီး ကျည်များ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကိုမောင်နုဝေ(၁၉နှစ်)၊ ကိုညီစေ့ကေ(၂၈နှစ်)၊ ဦးစံသိန်းထွန်း(၃၆နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်လှလှနွယ်(၃၅နှစ်)တို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

ဒဏ်ရာ ရရှိသူ ဦးစံသိန်းထွန်းက “မနေ့က ညနေ ၇ နာရီလောက် ရှိပါမယ်။ ရွာထဲကို လက်နက်ကြီး လာကျလို့ ကျနော်တို့ ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းနေကြပါတယ်။ ပုန်းနေတဲ့အချိန် ကျနော့်အိမ် စားဖိုခန်းထဲကို လက်နက်ကြီး လာကျပြီးတော့ အစတွေ လာမှန်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ကဇုကိုင်းကျေးရွာ၏ အနောက်ဘက်ခြမ်းတွင် တပ်စွဲထားသည့် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ရာတွင် ထိုသို့ ရွာထဲသို့ ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ဒေသခံရွာသားများက ပြောဆိုကြသည်။

ဆင်ဦးတိုက် ကျေးရွာသား ဦးစံထွန်းလှက “ကျနော်တို့ ရွာနားမှာ တိုက်ပွဲဖြစ်တာလည်း တကြိမ်မှ မရှိသေးဘူး။ လက် နက်ကြီးလည်း တခါမှ ကျတာ မရှိဘူး။ ဘာကြောင့် ပစ်တယ်ဆိုတာ မသိဘူး။ ပစ်တာကတော့ ကဇုကိုင်းရွာ အနောက် ဘက်ခြမ်းမှာ လက်နက်ကြီး ထိုင်ထားတာ ရှိတယ်။ အဲဒီကနေ လှမ်းပစ်တာ။ လူတွေလည်း အဲဒီလို ကျမယ်လို့ မထင် ထားဘူးလေ။ ဘုန်းကြီးကျောင်း အနားလည်း ကျကွဲတာ ရှိတယ်။ အဲဒီလို ရွာအနီး ဝန်းကျင်မှာ ၁၀ ကြိမ်ထက်မနည်း ကျတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဆင်ဦးတိုက်ရွာနှင့် တပ်မတော်စစ်ကြောင်း စခန်းချနေထိုင်သည့် နေရာနှင့် ၃ မိုင်ခန့် ဝေးကွားပြီး ယမန်နေ့က အဆိုပါ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိရာ မည်သည့် အတွက်ကြောင့် ပစ်သည်ကို မသိရှိဟု ကျေးရွာသား များက ဆိုကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဧရာဝတီမှ ဆက် သွယ် မေးမြန်းခဲ့ရာ ဖြစ်စဉ်အပေါ် မသိရှိသေးကြောင်း ဖြေကြားခဲ့သည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “၈ ရက်နေ့မှာတော့ အဲဒီဘက် (အမ်း)မှာတော့ ဖြစ်စဉ် ဖြစ်ပွားတာ မရှိပါဘူး။ ကြား လည်း မကြားသိသေးဘူး။ မီးဝဘက်တို့၊ နှမတာဘက်တို့မှာတော့ နည်းနည်း ထိတွေ့ တိုက်ပွဲ ဖြစ်တာရှိတယ်။ ကျောက်ဖြူ၊ ကုန်းဘောင်ကြီး ရွာဘက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒီ ဖြစ်စဉ်ပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာများ ရခဲ့သည့် ဆင်ဦးတိုက်ရွာသား ၄ ဦးတွင် မျက်လုံး ထိမှန်ခဲ့သော ကိုမောင်နုဝေနှင့် ဦးခေါင်းနောက်ဘက် ထိမှန်ခဲ့သော ဦးစံသိန်းထွန်းတို့မှာ ဒဏ်ရာများ ပြင်းထန်ပြီး လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့ သည့် ရွာသား ၄ ဦးကို ကမ်းထောင်းကြီး တိုက်နယ် ဆေးရုံတွင် ပို့ဆောင်ထားပြီး ဆေးကုသမှုကို ခံယူနေရကြောင်း လည်း သိရသည်။

လက်ရှိ အချိန်တွင် ထိုသို့ ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားသည့်အတွက် အိမ်ခြေ ၁၆၀ ကျော်၊ လူဦးရေ ၆၀၀ ကျော် ရှိသည့် ဆင်ဦးတိုက် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးကာ ကမ်းထောင်း ကြီးမြို့ အပါအဝင် နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိရာသို့ ဝင်ရောက် ခိုလှုံလျက် ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည်၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေ အတွက်မှာ သိန်းနှင့်ချီ ရှိကာ ဒေသခံ ပြည်သူများမှာလည်း ထွက်ပြေးနေကြလျက်ရှိသည်။

လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည်သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး ၊ ဒဏ်ရာရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုး ရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ကျောက်တော်တွင် လူငယ် ၁ ဦး ကျည်ထိ

အစိုးရထောက်ပံ့ဆန် ထုတ်လာသော စစ်ဘေးရှောင်များကို တပ်က ဖမ်းဆီးစစ်ဆေး

ပလက်ဝမြို့အနီးတဝိုက် တပ်နှင့် AA တိုက်ပွဲပြင်းထန်နေ

Loading