အင်္ဂပူ၌ မင်္ဂလာပွဲကျင်းပသည့် သတို့သားနှင့် သတို့သမီးဖခင်တို့ တရားစွဲခံရ
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သရက်တောရွာတွင် အုပ်ချုပ်ရေးတာဝန်ရှိသူများ တားမြစ်သည့်ကြားမှ မင်္ဂလာပွဲကို လူစုလူဝေးဖြင့် ကျင်းပခဲ့သူ သတို့သားနှင့် သတို့သမီး၏ ဖခင်တို့ကို အုပ်ချုပ်ရေး တာဝန်ရှိသူ များက အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“အခုကာလဟာ COVID – 19 ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကာလဖြစ်လို့ မင်္ဂလာပွဲကို မလုပ်ပါနဲ့လို့ အုပ်ချုပ်ရေး တာဝန်ရှိသူ တွေက တားပါတယ်။ အဲဒါကို လိုက်နာခြင်း မရှိဘဲ မင်္ဂလာပွဲကို ကျင်းပတာကြောင့် အုပ်ချုပ်ရေး ဌာနက အမှုဖွင့်ထား တာ ဖြစ်ပါတယ်။ အင်္ဂပူမြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
အင်္ဂပူမြို့နယ်၊ လိပ်ပေါင်ဆွဲအုပ်စု၊ သရက်တောကျေးရွာတွင် ဧပြီလ ၈ ရက်နေ့၌ မင်္ဂလာပွဲကျင်းပမည်ဟု သတင်းရ သည့်အတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင်နှင့်အဖွဲ့က သတို့သား ကိုဇင်မင်းစိုးနှင့် သတို့သမီး၏ ဖခင်ဖြစ်သူ ဦးမြင့်ရွှေတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဧပြီလ ၂ ရက်နေ့က ဆင့်ခေါ်၍ တားမြစ်ခဲ့ကြောင်း သိရ သည်။
အုပ်ချုပ်ရေးဌာနက တားမြစ်သော်လည်း သတို့သား ကိုဇင်မင်းစိုး (၂၃ နှစ်) နှင့် သတို့သမီး မအိအိဇင် (၃၀ နှစ်) တို့၏ မင်္ဂလာပွဲကို သရက်တောရွာတွင် မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း လူစုလူဝေးဖြင့် ကျင်းပခဲ့သည့်အတွက် သတို့သမီး၏ ဖခင်ဖြစ်သူ ဦးမြင့်ရွှေနှင့် သတို့သား ကိုဇင်မင်းစိုးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းလှိုင် က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) ဖြင့် အင်္ဂပူမြို့နယ်၊ မဲဇလီနယ်မြေရဲစခန်းတွင် အမှု ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဇင်က” အုပ်ချုပ်ရေး တာဝန်ရှိ သူတွေက တားမြစ်တာကို မလိုက်နာဘဲ မင်္ဂလာပွဲဆက်လုပ်လို့ တရားစွဲခံရတာပါ။ ကိုရိုနာဗိုင်းရပ်စ်က လူထူထပ်လေ ဖြစ်နိုင်ချေ ပိုများလေပဲ၊ ဒါကြောင့် တိုင်းဒေသကြီးအစိုးရက ဧပြီလ ၃၀ ရက်နေ့အထိ ဘုရားထီးတင်ပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲ
စသဖြင့် လူစုလူဝေးဖြစ်နိုင်တဲ့ ဘာပွဲမှ မလုပ်ဖို့ တားမြစ်ထားတာပါ။ ပြည်သူလူထုအားလုံး ကျန်းမာရေးအတွက် အခုလို တားမြစ်တဲ့အပေါ်မှာ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်”ဟု ပြောသည်။
၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တာဝန်ပေးအပ်ထားသော ဌာန ဆိုင်ရာအဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တရပ်ရပ်ကို တမင် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားလျှင် ထိုသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ပြဌာန်းထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့က အုပ်ချုပ်ရေးတာဝန်ရှိသူများ တားမြစ်နေ သည့်ကြားမှ ဒေသန္တရ အမိန့်ကို ချိုးဖောက်ကာ လူစုလူဝေးဖြင့် မင်္ဂလာပွဲကျင်းပခဲ့သည့်အတွက် သတို့သားဖြစ်သူ ကိုထန်လင်းရှိန်ကို တမူးမြို့နယ်တရားရုံးက ဧပြီလ ၄ ရက်နေ့တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၃၀ (က) ဖြင့်ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၁၀ သိန်းကျပ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
Home Quarantine ဖြင့် နေထိုင်သော်လည်း ဆဲဆိုမူးယစ်ရမ်းကားသူ ထောင် ၆လ ချ
အမိန့် ချိုးဖောက် မင်္ဂလာဆောင်သူ သတို့သား၊ ထောင်၆ လနှင့် ကျပ် ၁၀ သိန်း ဒဏ်ရိုက်