သတင်း

တနင်္သာရီတိုင်း မီတာခ ကင်းလွတ်ခွင့် အစီအစဉ်ရှင်းပြရန် ထားဝယ်တိုင်းရင်းသား ပါတီပြော

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားကို ပြည်ထောင်စု အစိုးရက ပေးနေခြင်း မဟုတ်ဘဲ တိုင်း အစိုးရ ၏ သီးသန့် အစီအစဉ်ဖြင့် ပေးနေခြင်းကြောင့် အိမ်သုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ်အထိ ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် ပေးမည့် ကိစ္စ မည်သို့စီစဉ်ထားသည်ကို တနင်္သာရီတိုင်း အစိုးရက လူထုထံ ရှင်းပြပေးရန် ထားဝယ် တိုင်းရင်းသား များ ပါတီက တိုက်တွန်းလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ဧပြီလ ၆ ရက်တွင် ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည် တွင်း လူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမပါ) ကို ၁၅၀ ယူနစ်အထိ ငွေ ကြေး ကောက်ခံမှု ကင်းလွတ်ခွင့် ဧပြီလကုန်အထိ ပေးမည်ဟု ဧပြီ ၆ရက်က ကြေညာထားသည်။

ယင်းသို့ ကြေညာပြီးနောက် ၃ ရက် အကြာ ဧပြီလ ၉ ရက်တွင် ထားဝယ် တိုင်းရင်းသားများ ပါတီက ၎င်းတို့၏ Facebook စာမျက်နှာမှ တဆင့် ထုတ်ပြန်ချက် ထုတ်ကာ တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားကို ပြည်ထောင်စု အစိုးရက ပေးနေ ခြင်း မဟုတ်ဘဲ တိုင်း အစိုးရက ၎င်းတို့၏ သီးသန့် အစီအစဉ်ဖြင့် ပေးနေခြင်းကြောင့် တနင်္သာရီရှိ ပြည်သူ များမှာ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီက ပေးအပ်ထားသော မီတာခ ကင်းလွတ်ခွင့်ကို တနင်္သာရီတိုင်း အစိုးရ၏ အစီအစဉ်ဖြင့်သာ ခံစားခွင့်ရမည့် သဘော ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ် တိုင်းရင်းသားများ ပါတီ အတွင်းရေးမှူး ဦးကျော်မင်းထိုက် က “တနသာင်္ရီ တိုင်းအစိုးရက အခုထိတော့ မထုတ် ပြန်သေးဘူးဗျ။ ဒီမနက်ပိုင်းအထိ မတွေ့သေးဘူး။ ကျနော်တို့ တနင်္သာရီ တိုင်းလည်း မြန်မာပြည်ရဲ့ ဧရိယာထဲ ပါတာ ဆိုတော့ တန်းတူညီမျှ ရှိသင့်တယ် ဆိုတာမျိုးပေါ့။ အဲဒီ ရည်ရွယ်ချက်နဲ့ ထုတ်တာပါ။ တိုင်းအစိုးရက ဘာမှမပြောတော့ ကင်းလွတ်ခွင့်က ရမယ် မရဘူးဆိုတာ မသိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

ထားဝယ်မြို့ဒေသခံ တဦး ဖြစ်သူ ဦးသန်းဝင်းက ထားဝယ် တိုင်းရင်းသား ပါတီသည် ပါတီနိုင်ငံရေးကဏ္ဍအနေဖြင့် ၎င်းတို့ လုပ်သင့်သည့် ကိစ္စကို ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ထုတ်ပြန်ချက် ထုတ်ခြင်းကို ကြိုဆိုကြောင်း ဆိုသည်။

သို့သော် ဒေသခံတဦး အနေဖြင့် ဆိုရလျှင် တနသာင်္ရီ ဒေသခံများသည် မီတာခ ကင်းလွတ်ခွင့် လိုချင်နေခြင်းမဟုတ်ဘဲ အခြားတိုင်းနှင့် ပြည်နယ်များ နည်းတူ ပြဋ္ဌာန်းထားသော လျှပ်စစ် မူဝါဒများကဲ့သို့ တနသာင်္ရီတိုင်းတွင်လည်း ချမှတ်ပေးစေ လိုခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဦးသန်းဝင်းက “သူများတိုင်းတွေမှာ လုပ်နေတာက ကုမ္ပဏီတွေက လျှပ်စစ်ထုတ်တယ်။ အစိုးရက ဝယ်တယ်။ ပြည်သူကို ပြန်ဖြန့်တယ်။ ကျနော်တို့ တိုင်းမှာ ကုမ္ပဏီက လျှပ်စစ် ထုတ်တယ်။ ကုမ္ပဏီက ပြန်ဝယ်တယ်။ ပြည်သူကို ဖြန့်တယ်။ အစိုး ရက အခွန်ပဲ ကောက်ထားတယ်။ အဲဒီတော့ ပြည်သူတွေရဲ့သာရေး၊ နာရေးကို စဉ်းစားမှု အားနည်းတယ်။ အဲဒါက သူများ နေရာနဲ့ ကျနော်တို့ တောင်ပိုင်းဒေသ တနင်္သာရီနဲ့ ကွာနေတဲ့ လျှပ်စစ် မူဝါဒပဲ” ဟု ဆိုသည်။

တနသာင်္ရီတိုင်းတွင် ကုမ္ပဏီများသည် မီတာခ ၁ ယူနစ်လျှင် ၁ ထောင်ကျပ်ခန့်ဖြင့် လူထုထံ ဖြန့်ဖြူးနေခြင်းဖြစ်ပြီး လျှပ်စစ် သုံးသည့် တအိမ်ထောင်လျှင် တလကို အနည်းဆုံး မီတာခ ငွေကျပ် ၅၀၀၀၀ ခန့် ပေးဆောင်နေရကြောင်း ၊ ဒေသခံ အများစုသည် အခြားတိုင်းနှင့် ပြည်နယ်များတွင် မီတာခပေးဆောင်ရသည့် နှုန်းထား အတိုင်းသာ ပေးဆောင်လိုကြ ကြောင်း ဦးသန်းဝင်းက ဆက်လက် ပြောဆိုသည်။

တနင်္သာရီတိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ကုမ္ပဏီများက တာဝန်ယူထားသဖြင့် နိုင်ငံတော် အတိုင်ပင်ခံ ဦးဆောင် သည့် ဗဟိုကော်မတီက ထုတ်ပြန်သည့် ဧပြီလအထိ ယူနစ် ၁၅၀ မီတာခ ကင်းလွတ်ခွင့်သည် တနသာင်္ရီတိုင်းအတွက် အကျုံးဝင်လိမ့်မည်ဟု မထင်မိကြောင်း ၎င်းက ဆိုသည်။

ထားဝယ် တိုင်းရင်းသားများ ပါတီသည် ၂၀၁၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိ အချိန်တွင် ပါတီဝင်အင်အား ၅၀၀၀ ရှိကာ ရန်ကုန်မြို့၊ ကော့သောင်းမြို့နှင့် ထားဝယ်ခရိုင် လက်အောက်ရှိ မြို့နယ်လေးခုတွင် ထားဝယ် တိုင်းရင်းသား များအရေး အခြေပြု လှုပ်ရှားလျက်ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

ယခုနှစ် နွေရာသီကာလအတွက် လျှပ်စစ်မီး အလုံအလောက်ပေးနိုင်မည်ဟုဆို

လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲရန် ပုဂ္ဂလိက နှင့် ပူးပေါင်း စီမံထားဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading