ပလက်ဝမြို့နယ်အတွင်း ဧပြီ ၇ ရက်က တိုက်ပွဲကြောင့် အရပ်သား ၇ ဦးသေဆုံးပြီးနောက် နန်းချောင်းဝ ရွာမှ အရပ်သား အားလုံး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်သွားကြပြီဟု သတင်း ရရှိသည်။
နန်းချောင်းဝ ရွာသည် ဧပြီ ၇ ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးကာ ၈ ဦး ထိခိုက် ဒဏ်ရာများ ရထားကြပြီး အိမ် ၉ လုံး မီးလောင်သွားသည့် ကျေးရွာဖြစ်သည်။
နန်းချောင်းဝရွာမှ ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးလာသည့် ဒေသခံ အမျိုးသားတဦးက “ကျနော် တို့ နန်းချောင်းဝ ရွာက လူတွေက အခု ပလက်ဝကို ရောက်နေကြပြီ။ တရွာလုံးပါပဲ။ ရွာမှာ ကျန်ခဲ့တာ ၅ ယောက်၊ ၆ ယောက် လောက်ပဲ ကျန်ခဲ့တယ်”ဟု ပြောသည်။
ဒေသခံများ၏ပြောဆိုချက်အရ ထွက်ပြေးလာသူ ဦးရေ ၁၆၀ ခန့်ဖြစ်သည်ဟု သိရသည်။
ဧပြီ ၇ ရက်တွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ ကျေးရွာ နှင့် ၁ မိုင်ခန့် ကွာဝေးသဖြင့် ဒေသခံများမှာ ရွာအတွင်းတွင်ပင် နေထိုင်နေကြခြင်း ဖြစ်သည်ဟု နန်းချောင်းဝ ကျေးရွာမှ ဒေသခံ များက ပြောကြသည်။
ဧပြီ ၇ ရက် နေ့လယ် ၃ နာရီခန့်တွင် ရွာတွင်း ဗုံးဆန်များ ကျရောက် ပေါက်ကွဲကာ မီးလောင် သဖြင့် ရွာသားများ စတင် ထွက်ပြေးကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
စတင်ထွက်ပြေးစဉ်က လေလာ့ ကျေးရွာတွင် ခေတ္တခိုလှုံကြပြီး ထိုမှတဆင့် ပလက်ဝမြို့ပေါ်သို့ ထပ်မံ ထွက်ပြေးလာ ကြခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ နန်းချောင်းဝဒေသခံ အမျိုးသားက“အခု ပလက်ဝ၊ အထက ကျောင်းမှာ နေရာချပေး ထားပါတယ်။ ကျနော်တို့ မနေ့က စပြေးလာတည်းက ဘာမှမပါလာဘူး။ စားစရာလည်း မပါလာဘူး။ ဒီတိုင်း လာကြတာပါ”ဟု ပြောဆိုသည်။
ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်အောင်ကလည်း နန်းချောင်းဝ ကျေးရွာမှ ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးလာသည်မှာ မှန်ကန်ကြောင်း ပြောသည်။
ဦးစိန်အောင်က“အခု ဒေသခံတွေက အဲ့ဒီရွာမှာ တယောက်မှ မနေရဲတော့ဘူး”ဟု ပြောဆိုသည်။
ထွက်ပြေးလာကြသူများမှာ နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံနေကြသူများလည်းရှိပြီး ပလက်ဝ မြို့ပေါ်သို့ ရောက်ရှိလာ သူများ ရှိသော်လည်း ဦးရေအတိအကျ ပြောပြနိုင်ခြင်း မရှိသေး ကြောင်း ဦးစိန်အောင်က ပြောသည်။
ဦးစိန်အောင်က“ပလက်ဝမှာ ဒုက္ခသည်တွေ တိုးလာတာ အခုဆိုရင် စုစုပေါင်းဆိုရင် ၂၀၀၀ ကျော်သွားပြီ”ဟုလည်း ပြောဆိုသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မတ်လအထိ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၇၀၀ ကျော်ရှိခဲ့ရာ ယခု ဧပြီတွင် ထပ်တိုးလာခြင်း ဖြစ်သည်။
ပလက်ဝမြို့ပေါ်သို့ ခိုလှုံလာကြသည့် ဒုက္ခသည်များကို ဘာသာရေး အဆောက်အအုံများတွင် ခိုလှုံခွင့် ပေးထားပြီး လူဦး ရေ ထပ်မံတိုးလာပါက ဘောလုံးကွင်းထဲတွင် ယာယီအဆောက်အအုံ များ ဆောက်ကာ နေရာချပေးရန် အစီအစဉ် ရှိသည်ဟု ဦးစိန်အောင်က ပြောသည်။
နန်းချောင်းဝ ကျေးရွာသည် နှမဒါကျေးရွာအုပ်စုတွင် ပါဝင်သည့် ရွာတရွာဖြစ်ပြီး ၂၀၁၉ ခုနှစ် တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းအရ လူဦးရေ ၁၈၀ ခန့် နေထိုင်သည့် ရွာဖြစ်ကြောင်း သိရသည်။
ဧပြီ ၇ ရက်တွင် နန်းချောင်းဝ ကျေးရွာကို ဗုံးဆန်များ ကျရောက် ပေါက်ကွဲသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် ဘက်မှ သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါ။
ဧရာဝတီက တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာ ၎င်းက“ရဟတ်ယာဉ်တော့ သုံးစွဲခဲ့တာရှိတယ်။ ဟိုဘက်ကလား၊ ရဟတ်ယာဉ်ကြောင့်လား ဆိုတာတော့ ခွဲခြားပြီး မသိခဲ့ရဘူး”ဟု ပြောသည်။
ဧပြီ ၇ ရက်တွင် ရက္ခိုင်စစ်တပ် (AA) ဘက်မှ ပလက်ဝမြို့ ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တပ်မတော်ဘက်မှ ပြန်လည် ပစ်ခတ်ပြီး ရဟတ်ယာဉ်ဖြင့်လည်း လေကြောင်း ပစ်ကူ အသုံးပြုခဲ့သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
သို့သော် အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခြင်း မရှိပါ။
ထိုသို့ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က တပ်မတော်မှ ရန်သူဘက်ကို လေကြောင်းဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
ထိခိုက်ဒဏ်ရာ ရရှိထားသည့် အရပ်သား ၈ ဦးထဲတွင် အသက် ၃ နှစ်အရွယ်ကလေးငယ် တဦးပါဝင်ပြီး ၎င်းတို့ လက်ရှိ တွင် ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။
ထို ၈ ဦးအနက် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတဦးမှာ လက်ကျိုးထားသည်ဟု သိရသည်။
ဆေးရုံတွင် လူနာစောင့်အဖြစ် ရှိနေသည့် နန်းချောင်းဝဒေသခံ အမျိုးသားတဦးက “ထိတဲ့အထဲက လူနာတွေက သက်သာ လာပါပြီ။ ဒါပေမယ့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကတော့ လက်ကျိုးထားတာ မသက်သာသေးဘူး။ ဆရာဝန်က ဆေးထည့်ရမယ်တဲ့။ ဒါပေမယ့် ကျနော် တို့က ငွေကြေးလည်း မတတ်နိုင်တော့ အခုဆေးရုံမှာပါပဲ”ဟု ပြောသည်။
ဧပြီ ၇ ရက်က ပလက်ဝမြို့အနီး ကုလားတန်စီမံကိန်း မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်း ခွင်တွင် လုပ်ကိုင်နေ သည့် အသက် ၂၂ နှစ်အရွယ် ပန်းရန်ဆရာတဦးလည်း ရင်ဘတ်၌ ကျည်ဆန် ထိမှန်ထားပြီး ပလက်ဝမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။
ပလက်ဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှ မတ်လအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများ ကြောင့် ဆမီးမြို့တွင်လည်း စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀ ကျော် ခိုလှုံနေရသည်။
မတ်လ ၁၄ ရက်နှင့် ၁၅ ရက် ကလည်း တပ်မတော်၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပလက်ဝမြို့နယ် မိတ်စာ ကျေးရွာတွင် အရပ်သား ၂၁ ဦး သေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောဆိုချက်အရ ပလက်ဝမြို့နယ် အတွင်း ဒေသခံ ၁ သိန်းကျော် ရှိသည့် အနက် ၆ သောင်း ခန့်မှာ စစ်ဘေးဒဏ် သင့်နေသူများ ဖြစ်သည်ဟု သိရသည်။
You may also like these stories:
အမ်းတွင် လက်နက်ကြီးကျ အရပ်သား ၄ ဦး ဒဏ်ရာရ
ARSA နှင့် AA တို့ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာများ ရရှိနေဟု တပ်မတော် ပြော