အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ခံထားရပြီး မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော မန္တလေးအခြေစိုက် Voice Of Myanmar (VOM) သတင်းဌာန အယ်ဒီတာချူပ် ဦးနေမျိုးလင်းအား စီအိုင်ဒီက ယနေ့ညပိုင်းက ပြန်လွှတ်ပေးလိုက်သည်။
ပြန်လည် လွှတ်မြောက်လာသော ဦးနေမျိုးလင်း က “ည ၈ နာရီမတ်တင်းလောက်မှာ ကျနော်ကို စီအိုင်ဒီက ထောင်မှာလာခေါ်တယ်။ ထောင်ကလဲ မင်္ဂလာ သတင်းလို့ပြောပြီး ကျနော်ကို စီအိုင်ဒီကို လွှဲပေးလိုက်ပြီးတော့ စီအိုင်ဒီရုံးမှာ အခြေအနေတွေရှင်းပြတယ်။ အဓိက ကတော့ သူတို့စွဲတင်ထားတဲ့ ပုဒ်မနဲ့ ကျနော်က ကျူးလွန်ခြင်း မရှိတာကြောင့် အမှုမမြောက်လို့ ဝတ္တရားနဲ့ အညီပြန်လွှတ်ပေးတယ်လို့ ပြောပါတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
၎င်းကဆက်၍ “ဒါပေမဲ့ သူတို့စစ်ဆေးစရာတခုခုရှိရင်တော့ အချိန်မရွေးခေါ်စစ်မယ်ဆိုတဲ့ ခံဝန်တော့ ယူခဲ့ရတယ်” ဟု ပြောသည်။
မတရားအသင်းအဖြစ် သတ်မှတ်လိုက်သော ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခနှင့် ဆက်သွယ်ပြီး VOM သတင်းဌာန၌ သတင်းဖော်ပြခဲ့မှုကြောင့် မတ်လ ၃၁ ရက်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) နှင့် ၅၂ (က) တို့နှင့် ဦးနေမျိုးလင်းအား မန္တလေး တိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ခင်မောင်ဝင်းက တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။
ထိုနေ့မှ စတင်၍ ကိုနေမျိုးလင်းအား မန္တလေးအိုးဘို အကျဉ်းထောင်တွင် ဖမ်းဆီးထိမ်းသိမ်းထားပြီး ယနေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ချုပ်ရပ်ရမန်ထပ်ယူခဲ့သည်။
ဦးနေမျိုးလင်း က “ကိုယ့်သတင်းဌာန နာမည်အနေနဲ့ အတိုင်းပဲ ကျနော်က တနိုင်ငံရဲ့ သတင်းတွေကို မောင်ဖြူဖြစ်လို့ ၊ မောင်မဲဖြစ်လို့ ချန်မထားဘဲ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး လိပ်ပြာသန့်သန့်နဲ့ ဒီသတင်းကိုတင်ခဲ့တာပါ။ ဒါကြောင့်လဲ ကောင်းတဲ့ ရလာဒ်ရတယ်လို့ ဆိုချင်ပါတယ်” ဟု ပြောသည်။
ဦးနေမျိုးလင်းသည် ယခင်က ဘီဘီစီ မြန်မာပိုင်းသတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်နှစ်မှ စတင်၍ မန္တလေးအခြေစိုက်ကာ Voice of Myanmar သတင်းဌာနအား တည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်အဖြစ် လက်ရှိလုပ်ကိုင်နေသူဖြစ်သည်။
You may also like these stories:
VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
AA သတင်းရေးသည့် သတင်းအယ်ဒီတာချုပ်နှင့်သတင်းထောက်များကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်
AA နှင့် ဆက်သွယ်သည့် သတင်းသမားများကို ဖမ်းဆီးနေမှုအပေါ် သဘောထားအမြင်များ
အကြမ်းဖက်ဥပဒေဖြင့် သတင်းသမားများကို တရားစွဲနေခြင်းအား ပြန်သုံးသပ်ရန် EPRN တောင်းဆို