မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဟောင်ကောင် အခြေစိုက် ဘဏ် ၇ ခုကို ပြည်တွင်း၌ ဘဏ်ခွဲ ဖွင့်လှစ်ခွင့် လိုင်စင် ထုတ်ပေးလိုက်ကြောင်း ဧပြီလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
ထိုနိုင်ငံခြားဘဏ် ၇ ခုမှာ ဟောင်ကောင်အခြေစိုက် Bank of China Hong Kong၊ ကိုရီးယားဘဏ်များ ဖြစ်သော Industrial bank of Korea (IBK) ၊ KB Koomin Bank၊ Korea Development bank၊ ထိုင်ဝမ်အခြေစိုက် Cathay United Bank၊ Mega International Commercial Bank နှင့် ထိုင်းဘဏ် Siam Commercial Bank (SCB) တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားဘဏ် ၇ ခုထဲမှာ ကိုရီးယားဘဏ် ၂ ခု နှင့် ထိုင်းဘဏ်တို့သည် ပြည်တွင်း၌ မြန်မာနိုင်ငံ၏ ဥပဒေအရ ဖွဲ့စည်း တည်ထောင်ရမည့် လက်အောက်ခံဘဏ်ခွဲ (Subsidiary) ဖွင့်လှစ်ခြင်း၊ ATM ဝန်ဆောင်မှု အပါအဝင် လက်လီ ဘဏ် လုပ်ငန်းဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရရှိမည့် ဘဏ်လုပ်ငန်းလိုင်စင်(Subsidiary License) ကို ခွင့်ပြု လိုက်ခြင်း ဖြစ်ပြီး ကျန် နိုင်ငံခြားဘဏ် ၄ ခုမှာ ဘဏ်ခွဲလိုင်စင် (Branch License) ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။
ဘဏ်ခွဲလိုင်စင် (Branch License) ရရှိသည့် နိုင်ငံခြားဘဏ်များသည် စီးပွားရေး အဖွဲ့အစည်းများ (Foreign Corporate) ၊ နိုင်ငံခြားတွင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သည့် နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများပါ ချေးငွေ ထုတ်ချေးခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုထားသည်။
နေပြည်တော် စည်ပင်ဘဏ် ဥက္ကဋ္ဌ ဦးရဲမင်းဦး က “ ဒီဘဏ်တွေကို ရွေးချယ်မှုကတော့ သီခြားအဖွဲ့အစည်းကို ငှားပြီးတော့ ကို အသေအချာကို ရွေးချယ်ခဲ့တာ။ အဲဒီတော့ ရွေးချယ်မှုက မှားစရာ အကြောင်းမရှိဘူး။ မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဘဏ်တွေပဲ ဖြစ်မှာပါ။ ဒီဘဏ်တွေ ဝင်လာမယ်ဆိုရင် မြန်မာ့စီးပွားရေးကို အထိုက်အလျှောက် အထောက်အကူ ပြုမယ် ဆိုတာလည်း သေချာတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ယခုလို တကမ္ဘာလုံးက ကပ်ရောဂါ COVID-19 ကို ရင်ဆိုင်နေရသော ယခုလို အချိန်ကာလတွင် ခွင့်ပြုလိုက်ခြင်းကြောင့် ချက်ချင်းလုပ်ငန်းများ လာရောက်ဆောင်ရွက်ရန် လွယ်ကူမည်မဟုတ်ကြောင်း ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်ကို လုပ်ဆောင်ခဲ့သော်လည်း အချိန်အနည်းငယ် နောက်ကျသည်ဟု ၎င်းက ပြောဆိုသည်။
ဘဏ်လုပ်ငန်း ကျွမ်းကျင်သူလည်းဖြစ်သည့် ဦးရဲမင်းဦးက ဆက်၍ “IBK က ကိုရီးယား အစိုးရပိုင်တဲ့ ဘဏ်ဖြစ်တယ် ကိုရီးယားနိုင်ငံမှာရှိတဲ့ SME လုပ်ငန်း အားလုံးလိုလိုကို သူချေးငွေပေးထားတာ။ SME တွေကို Develop လုပ်ပေးခဲ့တဲ့ ဘဏ်ပေါ့။ သူ့လိုဘဏ်မျိုးကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက် တကယ်ကို လိုအပ်တဲ့ဘဏ်” ဟု ပြောသည်။
ဗဟိုဘဏ်က ယခုအကြိမ် နိုင်ငံခြားဘဏ်များ ထပ်မံခွင့်ပြုမှုတွင် ဒုတိယအဆင့်ဖြစ်သည့် လက်လီဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရရှိမည့် ဘဏ်လုပ်ငန်းလိုင်စင် (Subsidiary License) ပါလာခြင်းသည် ဘဏ်လုပ်ငန်း ကဏ္ဍအတွက် ကောင်းမွန်သည့် လက္ခဏာ ၁ ခုဖြစ်ကြောင်း ဘဏ်လုပ်ငန်းပညာရှင် ဦးသန်းလွင်ကလည်း ဧရာဝတီသို့ ပြောသည်။
ဦးသန်းလွင် က “Subsidiary License ပေးလိုက်လည်း သူတို့ဘာသာ ဘဏ်ခွဲ (Branch) ဖွင့်ပြီး လုပ်မှာထက် ပြည်တွင်း ဘဏ်တွေနဲ့ပဲ ပူးပေါင်းလုပ်ဖို့များတယ်။ သူ Branch တွေ သီးခြားဖွင့်မယ်ဆိုရင် အဆောက်အဦတွေ ဝယ်ရမယ်၊ ဝန်ထမ်းတွေ အများကြီး ခန့်ရမှာလေ” ဟု ဆိုသည်။
၎င်းက ဆက်၍ “ ကိုဗစ်နောက်ပိုင်းမှာ အခြေအနေက ဘာရှိလည်းဆိုရင် တရုတ်မှာရှိတဲ့ ကိုရီးယား ရင်းနှီးမြှုပ်နှံတွေ ဘာတွေက သူတို့ ဆက်ထားဖို့ဆိုတာ နည်းနည်း စဉ်းစားနေပြီလေ။ အဲဒီတော့ ကိုရီးယား ဘဏ်တွေ ကလည်း ဒီမှာ ရှိလာတော့မယ်ဆိုတော့ မြန်မာပြည်ကို ပြောင်းကောင်း ပြောင်းလာနိုင်တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လက်လီဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ပါ ခွင့်ပြုပေးခဲ့သော ဘဏ်များထဲမှ ကိုရီးယား IBK နှင့် ထိုင်း SCB ဘဏ်တို့သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည်မှာ ၈ နှစ်ဝန်းကျင် အထိရှိပြီး ကိုရီးယား KB Koomin Bank သည် ၂၀၁၆ ခုနှစ်တွင် ရုံးခွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာလအတွင်းက တောင်ကိုရီးယားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် အထက်ပါ ကိုရီးယားဘဏ် ၂ ခုမှ အမှုဆောင်အရာရှိချုပ် အပါအဝင် အကြီးတန်းအရာရှိများပါ လိုက်ခဲ့ပြီး အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကို အဓိက ချေးငွေပံ့ပိုးသော KB ဘဏ်သည် ဝင်ငွေနည်းပါးသူများအတွက် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ထောက်ပံ့ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ထို သမ္မတခရီးစဉ်အတွင်း၌ Korea-Myanmar Industrial Complex (KMIC) စီမံကိန်းအပါအဝင် ကိုရီးယား-မြန်မာ ကုန်သွယ်ရေး နှင် စက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ စမတ်စီးတီးစီမံ ကိန်းတခုကို အကြိုလေ့လာဆန်းစစ်မည့် သဘောတူလက်မှတ်ရေးထိုးခြင်းများ အပြင် စီးပွားရေးဆိုင်ရာပူး ပေါင်းရေး ကိစ္စများကိုလည်း နှစ်နိုင်ငံကြား သဘောတူညီမှုများ လုပ်ဆောင်ကြသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ နိုင်ငံခြားဘဏ် ၁၃ ခုကို နှစ်သုတ်ခွဲကာ ပြည်တွင်း၌ Branch လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့ပြီး ယခု ထပ်မံ ခွင့်ပြုခြင်းသည် တတိယ အကြိမ်ဖြစ်ပြီး စုစုပေါင်း နိုင်ငံခြားဘဏ်ပေါင်း ၂၀ ခုအထိ ခွင့်ပြုပေးထားပြီဖြစ်သည်။
ယခင်က ခွင့်ပြုပေးထားသော နိုင်ငံခြားဘဏ် ၁၃ ခုမှာ MUFG Bank၊ Oversea-Chinese Banking Corporation၊ Sumitomo Mitsui Banking Corportation၊ United Overseas Bank ၊ Bangkok Bank၊ Industrial and Commercial Bank of China၊ May Bank၊ Mizuho Bank၊ Australia and New Zealand Banking for Inverstment၊ BIDV Bank၊ Shinhan Bank၊ E.Sun Commercial Bank၊ State Bank of India တို့ ဖြစ်သည်။
You may also like these stories:
နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုရန် စီစဉ်နေ